နေခြည်မှာရွှေရည်လောင်း ငါတို့စာသင်ကျောင်း

ကျောင်းတော်သားတစ်ဦး

ရန်ကုန်မှာ မိုးဖြိုင်ဖြိုင်ရွာလေပြီ။ ခါတိုင်းဆို နေပူပူမိုးရွာရွာ ထီးဆောင်နေကျ။ ယနေ့မူ ကိုယ့်ရပ်ကွက်အနီးအနားမျှသာဖြစ်၍ ထီးယူမလာခဲ့မိ။ မိုးကသည်းလာသည်။ နီးစပ်ရာ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်အတွင်းသို့ ပြေးဝင်မိုးခိုရတော့သည်။

နေ့ခင်းဘက်ဖြစ်၍ ဆိုင်အတွင်း လူကျဲသည်။ လက်ဖက်ရည်တစ်ခွက်မှာပြီး စားပွဲအလွတ်လေး တစ်ခုတွင်ထိုင်ရင်း မိုးအစဲကို စောင့်နေမိသည်။ မိုးကတော်တော်နှင့် မစဲနိုင်ပါ။ ရှေ့တူရူရာအရပ်မှ မူလတန်းကျောင်းလေးတစ်ကျောင်းက မြင်ကွင်းအတွင်း တိုးဝင်လာသည်။ ယခင်က အမှုမဲ့အမှတ်မဲ့။ ယခု စေ့စေ့စပ်စပ်ကြည့်လိုက်မိတော့ လေးဖက်လေးတန်အုတ်တံတိုင်းများ၊ ထပ်တိုးကျောင်းဆောင် သစ် အချို့မှလွဲ၍ ကျောင်းကလေး၏ ဥပဓိကား ဘာမျှသိသိသာသာ ပြောင်းလဲမသွား။ ကိုယ်တွေ ငယ်စဉ်က စတင်ပညာသင်ကြားခဲ့ရာ စာသင်ဆောင်လေးကလည်း ပြကတေ့အတိုင်းပင်။

ခေါင်းလောင်းသံချိုမြမြကို လွမ်းလာ

ငယ်စဉ်ကကြားနေကျ ခေါင်းလောင်းသံချိုမြမြကို လွမ်းလာသည်။ “မင်္ဂလာပါ ဆရာမ၊ ကျေးဇူးတင် ပါတယ်ဆရာမ”။ ဝလုံးလေးကအစပြုပြီး ငယ်စဉ်က ကံ့ကူလက်လှည့် ပညာသင်ကြားပေးခဲ့ပါသော အတန်းပိုင်ဆရာမ၏ ရုပ်အသွင်က ဖျတ်ခနဲပေါ်လာသည်။ ဆရာမ၏နာမည်ကိုဖြင့် မမှတ်မိတော့။ သို့သော် ဆရာမသည် ချောသည်၊ ယဉ်သည်၊ လှသည်၊ ငယ်ရွယ်နုပျိုသည်။ လက်သံကတော့ အတော်ပြောင်ပါသည်။ လက်ခေါက်ဆစ်တို့သည် ယခုပင် တဆစ်ဆစ်နာသယောင်ယောင် ခံစားလာ မိသည်။ “နင့်မျက်လုံးတွေက စောင်းနေလား၊ စာလုံးတွေက ညီညီညာညာကို မရှိဘူး။ အပေါ်ရောက် လိုက်၊ အောက်ရောက်လိုက်နဲ့”ဟု ဆရာမ၏ ဆူပူကြိမ်းမောင်းဆိုဆုံးမသံများကိုလည်း ကြားယောင် လာမိသည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအဖို့ လောက၌ မမေ့ကောင်းသောအကြောင်းအရာ ငါးမျိုးရှိသည်။

၁။    ရတနာသုံးပါးကို မမေ့ကောင်း၊

၂။    မိဘနှစ်ပါးကို မမေ့ကောင်း၊

၃။    မိမိအား စတင်ပညာသင်ကြားပေးသော ဆရာကို မမေ့ကောင်း၊

၄။    မိမိဒုက္ခရောက်စဉ်ကြည့်ရှုသော ကျေးဇူးရှင်ကို မမေ့ကောင်း၊

၅။    မိမိချက်မြှုပ်ဒေသကို မမေ့ကောင်းဟု ရှေးလူကြီးများက ဆိုဆုံးမလေ့ရှိကြသည်။

ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်၍ မိမိအား စတင်ပညာသင်ကြားပေးသော ဆရာကို ယခုတိုင် မမေ့နိုင်ပါ။ နာမည်ကျော်စာရေးဆရာ သတင်းစာဆရာကြီးများဖြစ်ကြသည့် ဆရာကြီး သိန်းဖေမြင့်နှင့် ဆရာကြီးမောင်ထင်တို့ဆိုပါလျှင် ငယ်ဆရာတို့၏ ဂုဏ်ကျေးဇူးကို စာတစ်စောင် ပေတစ်ဖွဲ့ပင် အမှတ်တရ ရေးဖွဲ့သီကုံးခဲ့ကြပါသည်။

ဆရာကြီးသိန်းဖေမြင့်က ၁၉၆၅ ခုနှစ် မတ်လ ၁၀ ရက်နေ့ထုတ် ဗိုလ်တထောင်သတင်းစာတွင် “ဆရာဟာရွန်း ကွယ်လွန်ရှာပြီ”ခေါင်းစဉ်ဖြင့် ...

“ကျွန်တော်သည် အသက် ငါးဆယ်ကျော်လာခဲ့ပြီ။ ဆရာအမျိုးမျိုးလည်း တွေ့ဖူးကြုံဖူးခဲ့ပြီ။ သို့သော် ကျွန်တော့်ဆရာတွေကြားထဲမှ ဤဆရာ ဟာရွန်းကိုကား ဘယ်တော့မျှမမေ့ပါ။ အခြားသော သူ့တပည့်များကလည်း ကျွန်တော့်လိုပင်ရှိကြလိမ့်မည်။ သို့သော် ထူးဆန်းသည်မှာ ဆရာဟာရွန်းက သူ့တပည့်များအားလုံးကို မမေ့ခြင်းဖြစ်သည်။

သော့နှင့် ဖွင့်ပေးလိုက်သူ

ဆရာဟာရွန်းသည် အထက်တန်းများအတွက် အင်္ဂလိပ်စာပြဆရာဖြစ်လေသည်။ သို့သော် လိုအပ် လာလျှင် အခြားဘာသာများကိုလည်း သင်ပေး၏။ ကျွန်တော့်အဖို့ဆိုလျှင် ဆရာဟာရွန်းသည် အောင်မြင်သောအင်္ဂလိပ်စာပြဆရာမျှသာမဟုတ်။ ကျွန်တော့်အား စာရေးဆရာဖြစ်အောင် အခြေခံ စာပေအတတ်ပညာကို လက်ဦးပေးလိုက်သောဆရာ ဖြစ်ပေသည်။ ကျွန်တော့်ဦးနှောက်ထဲတွင် ကိန်း အောင်းနေသော အနုပညာစိတ်ဓာတ်ကို သော့နှင့် ဖွင့်ပေးလိုက်သူဖြစ်လေသည်။

ဆရာဟာရွန်းသည် အင်္ဂလိပ်စာစီစာကုံး သင်ကြားပို့ချရင်း သလ္လာဝတီမြစ်၏ အလှအပကို ခြယ်မှုန်းပြသည်။ နေဝင်ဆည်းဆာအချိန်မှာ ကျောက်ဆောင်ပေါ်ထိုင်ရင်း တသွင်သွင်စီးဆင်း နေသောရေအလျဉ်ကို ကြည်နူးရသည့် သုခ၊ တသုန်သုန်တိုက်ခတ်လာသော လေပြည်လေညင်းကို ရှူရှိုက်ရသည့်အရသာ၊ နေဝင်ရာသို့ ဦးတည်ပျံသန်းနေသော ငှက်အုပ်ကြီးနှင့် စီးသွားရသည့် စိတ်ကူး။

ဆရာဟာရွန်းသည် ကျွန်တော်တို့၏စိတ်ကူး ဉာဏ်ကို အဆန်းတကြယ် ကွန့်မြူးစေသည်။ ကျွန်တော်တို့၏ စိတ်ကူးများကို ပန်းကုံးသီသလို အစီအစဉ်ပြေပြစ်စွာ ကုံးတတ်၊ သီတတ်အောင် သင်ပြသည်။ ရှင်းလင်းလွယ်ကူသော စကားလုံး ကလေးများကို နေရာတကျသုံးပြီး တန်ဆာဆင်တတ် အောင် နည်းပေးသည်။

ဆရာဟာရွန်းသည် ထူးချွန်သောကျောင်းဆရာ တစ်ဦးဖြစ်သည်သာမက ကျွန်တော်တို့ ကျောင်းပြင် ရောက်တော့လည်း ကိစ္စများစွာတွင် ကျွန်တော်တို့၏ ဘဝလမ်းညွှန်အဖြစ် ရပ်တည်နေခဲ့လေသည်” စသဖြင့် ငယ်ဆရာ၏ဂုဏ်ကျေးဇူးကို တခုတ်တရ ရေးသားဖော်ပြခဲ့သည်။

“ဘောန္တော၊ အိုအချင်းတို့။ ဧထ၊ လာကြကုန်လော့။ ထိုမွန်မြတ်သောတရားကို နာကြကုန်အံ့။ ရှေးသရောအခါ မျောက်တစ်ကောင်သည် အင်္ဂလန်ကျွန်း၌ ကမြင်းကြောထ၍ နေလေသတတ်။ ထိုသရောခါ အင်းထဲမှ လိပ်တစ်ကောင်သည် ထိုကျွန်းပေါ်သို့ မျက်စိလည်လမ်းမှား၍တက်လာလေ သတည်း။ ထိုသည့်နေ့မှစ၍ ခေါင်းပေါ်တွင် ဗိုလ်ကေခွဲထားသောမျောက်သည် အင်းထဲကလိပ်နှင့် စုလျားရစ်ပတ် လက်ထပ်လေရာ အင်္ဂလိပ်ဟူသော သတ္တဝါသည် လောကကြီးထဲမှ ဗိုလ်ကေခွဲကာ ထွက်ပေါ်လာလေသတည်း။”
မိုးခါးရေကို သောက်မိပေလိမ့်မည်

ဆရာဦးဘိုးချိန်၏ကျေးဇူးကို ကျွန်တော်မမေ့ပါ။ ကျွန်တော်သည် ကလေးအရွယ်ပင် ဖြစ်ပါသော်လည်း ထိုမျှလောက်အဆီအငေါ် မတည့်သောနိုင်ငံ ရေးတရားမျိုးကို လက်မခံနိုင်ပါ။ သို့သော် ကလေး မျှသာဖြစ်၍ ထိုဝံသာနုတရားမျိုးကို ရှုတ်ချပါသည်ဟု ဆိုဝံ့သော သတ္တိမရှိပါ။ အကယ်၍သာလျှင် ထိုစဉ်က ဆရာသမားလုပ်သူတို့က ထိုတရားကို မှားမှားမှန်မှန် အောင့်အည်းသည်းခံ၍ နာယူစေမည် ဆိုပါက ကျွန်တော်၏စိတ်သည် ထိုတရားကို မည်မျှ လောက်ပင် လက်မခံဘူးဟုဆိုစေကာမူ အများနှင့် အတူ မိုးခါးရေကို သောက်မိပေလိမ့်မည်။ သို့ရာတွင် ဆရာကြီးဦးဘိုးချိန်သည် ထိုမျှသိမ်ဖျင်းသော သမ္ဖပ္ပလာပဝါစာတို့ကို ဆက်လက်သည်းမခံနိုင် သဖြင့် “လူကလေးတို့၊ သိမ်ဖျင်းတဲ့စကားတွေ နားမထောင်ကြနဲ့၊ အိမ်ပြန်ကြ”ဟူ၍ ဩဝါဒပေးသောကြောင့် ကျွန်တော်တို့လည်း အိမ်သို့ပြန်ခဲ့ ကြလေသည်။ 
ကျေးဇူးပါပဲ ဆရာကြီးရယ်။ ဆရာကြီးသည် ထိုကဲ့သို့ ဩဝါဒမပေးလျှင် ကျွန်တော်တို့ စိတ်နုသူ ကလေးငယ်များသည် နောင်တစ်သက်လုံးအဖို့ သမ္ဖပ္ပလာပဝါစာနှင့် ဖရုဿဝါစာကို ဝံသာနုတရား တော်ကြီးဟူ၍ မှတ်ထားကြရပေတော့မည်” စသဖြင့် ဆရာကြီး မောင်ထင်ကလည်း “ဗမာ့နိုင်ငံရေး သုခမိန်” စာအုပ်တွင် ဆရာ့ကျေးဇူးကို ဖော်ကျူး ရေးသားခဲ့ပါ၏။
“အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ”နှင့်အညီ ပြည့်ဝသော ဆရာမြတ်တို့၏ ဂုဏ်ကျေးဇူးကား အနှိုင်းအဆမရှိကြီးမားလေစွ။

သို့ကြောင့်ပင် မြတ်ဆရာဟူသည် ပန်းပုသမား၊ ကျောက်သွေးသမား၊ ဥယျာဉ်မှူး၊ မာလိန်မှူးတို့နှင့် တူသည်ဟု ရှေးရှေးပညာရှင်များက ဥပမာပေး နှိုင်းယှဉ်ဖွဲ့ဆိုခဲ့ကြခြင်းဖြစ်သည်။

လူ့ဘဝ မြင့်ထည်လာစေရန် မြှင့်တင်ပေး

ပန်းပုသမားသည် သစ်အရိုင်းတုံးတို့ကို ပန်းပုရုပ် အသွင်လှပချောမွေ့ အသက်ဝင်လာအောင် ထွင်းထု တတ်သကဲ့သို့ မြတ်ဆရာသည်လည်း လူမမည် သူငယ်အရိုင်းကလေးများကို လိုအပ်သလို သိမ်သိမ်မွေ့မွေ့သိမ်းသွင်း၍ အသိပညာ အတတ် ပညာတို့ကို သင်ပေးလေသည်။ အတတ်ပညာ အဆောင်အယောင်ဖြင့် လှပတင့်တယ်သော အလိမ္မာ ပုံချပေးသည်။ လူတစ်လုံး သူတစ်လုံးဖြစ်လာစေရန် အနုစိတ်အချောကိုင်ပြီး အရောင်အသွေးစုံ ခြယ်သပေးသည်။ လူ့ဘဝ မြင့်ထည်လာစေရန် မြှင့်တင်ပေးသည်။ 

ကျောက်သွေးသမားသည် ကျောက်အရိုင်းတုံးလေးများကို အကွက်ပေါ်၍ အရောင်အသွေးတလက် လက်တောက်ပလာအောင် နည်းမျိုးစုံဖြင့် အရွယ်အစားအမျိုးမျိုး သွေးယူတတ်သကဲ့သို့ မြတ်ဆရာ သည်လည်း ကျောက်အရိုင်းတုံးလေးများနှင့်အလားတူသော လိမ္မာယဉ်ကျေးမှုမရှိ၊ စာပေပညာမတတ် သေးသော လူငယ်ကလေးများကို လိမ္မာယဉ်ကျေး လာစေရန်၊ စာပေပညာပေါက်မြောက်၍ လူ့ဂုဏ်ရည် တောက်ပစေရန် အရောင်တင်ပေးသည်။ ဉာဏ်ရည် သွက်လက်ထက်မြက်ပြီး ဘက်စုံပညာရေးအကွက် အကွင်းပေါ်အောင် လေ့ကျင့်ပေးသည်။

ဥယျာဉ်မှူးသည် သစ်သီးဝလံ ပန်းမန်ပင်တို့ ဖြစ်ထွန်းအောင်မြင်လာစေရန် စနစ်တကျ မြေတောင် မြှောက် စိုက်ပျိုးတတ်သကဲ့သို့ မြတ်ဆရာသည်လည်း စာသင်သားတပည့်တို့အား အကျင့်စာရိတ္တ ကောင်းအောင်၊ ပညာရေးတော်အောင် စနစ်တကျ မြေတောင်မြှောက်သင်ကြားပို့ချပေးသည်။ 

မာလိန်မှူးသည် မိမိသင်္ဘော၌ပါလာသူ ခရီးသွားတို့အား လိုရာခရီးရောက်အောင် ပို့ဆောင်ပေးသကဲ့သို့ မြတ်ဆရာသည်လည်း တပည့်တို့အား ပါရဂူမြောက်ပညာရေး တစ်ဖက်ကမ်းရောက်အောင် ပို့ဆောင်ပေး၏။ ရည်မှန်းချက် ဘဝပန်းတိုင်ကို အောင်မြင်ချောမွေ့စွာ ခရီးပေါက်အောင် ပို့ဆောင် ပေးတတ်၏။

ငယ်စဉ်ကမူ ဆရာမြတ်တို့၏ ကျေးဇူးဂုဏ်ကို ဤသို့ဂဃနဏ မသိမမြင်ခဲ့။ ယခု အသက်အရွယ် ရလာတော့ “ကျောင်းမှာမြဲနေ၊ စာပေသင်သင် သို့လျှင် သို့ဖတ်၊ သို့မှတ် သို့ရေး၊ သို့မေး သို့ဖြေ၊ သို့နေ သို့ထိုင်” စသဖြင့် ချစ်တပည့်ရင်သွေးငယ်များ အား အကျိုးနှင့်အကြောင်း၊ အဆိုးနှင့်အကောင်း တို့ကို ကွဲကွဲပြားပြား ခွဲခွဲခြားခြား ဆုံးမသင်ကြား ပို့ချပေးခဲ့သော မြတ်ဆရာတို့၏ ကျေးဇူးဂုဏ်ကို အမှတ်ထင်ထင်ဖြစ်ရသည်။ မိုးသည် သည်းရာမှ အနည်းငယ်စဲလာသည်။ ရှေ့တူရူရာအရပ်က မူလ တန်းကျောင်းလေးတွင် တစ်ချိန်က ကျောင်းတော် သားတစ်ဦးဖြစ်ခဲ့သူ၏ အတွေးတို့ကမူ မရပ်မနား ခရီးနှင်ဆဲ။

မှတ်ဉာဏ်တွင် စွဲထင်နေဆဲ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ သမ္မတကြီး ကျန်ဇီမင်း သည် ကျောင်းသားဘဝကသီဆိုခဲ့သော “အတန်းပြီးလို့ ကျောင်းဆင်းပြီ၊ ဆရာဆုံးမတဲ့စကား၊ နားထောင် ကြရဲ့လား။ ဖေတို့ မေတို့ သားအပြန်ကို မျှော်နေတယ်၊ လမ်းမှာ တို့တစ်တွေ လျှောက်မလည်နဲ့။ နောင်တစ်ခေတ် တိုင်းပြည်ကောင်းအောင် အုပ်ချုပ်ဖို့ တို့တစ်တွေကိုပဲ အားကိုးစို့။ ကြိုးစားစမ်းပါ သူငယ်ချင်းရာ၊ နက်ဖြန်ကျမှ တွေ့မယ်ကွာ”ဟူသည့် သီချင်းကို သမ္မတဖြစ်လာချိန်အထိတိုင် သူ့ မှတ်ဉာဏ်တွင် စွဲထင်နေဆဲဟုဆိုသည်။ ထိုသီချင်းသည် သူ့အဖို့ တစ်ဘဝလုံးအတွက် အဓိပ္ပာယ် ရှိနေသည်ဟုလည်း ဆိုသည်။ 
“မိမိကိုယ်ကိုကောင်းအောင် ကြိုးစားမည်။ မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်။ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်။ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်”

ငယ်စဉ်က သည်ကျောင်းလေးမှာ အားဖြင့်မာန်ဖြင့် သံပြိုင်သီဆိုခဲ့ဖူးသော ကျောင်းကောင်စီသီချင်းသံ သည် လေထဲတွင်လွင့်ပျံ့၍ထွက်ပေါ်လာလေသည်။

မိုးသည် စဲရာမှတိတ်သွားသည်။ ပတ်ဝန်းကျင်သည် မိုးကြောင့်အေးမြသွားသည်။ သစ်ပင်ပန်းမန် တို့သည် မိုးကြောင့်စိမ်းလန်းလာသည်။ နေရောင်ခြည်လည်း ယှက်ဖြာလာခဲ့ပြီ။ စာသင်ကျောင်းလေး သည်လည်း နေခြည်မှာရွှေရည်လောင်းသည့်အလား ပို၍တင့်တယ်လှပလာသည်။ ကျောင်းတွေ ဖွင့်တော့မည်။ တိတ်ဆိတ်ငြိမ်သက်နေသော ကျောင်းလေးသည် မကြာမီရက်ပိုင်းအတွင်း စည်ကားသက်ဝင်လာ ပေတော့မည်။ ပန်းကလေးများ ပွင့်တော့မည်။ ။