နွေစပါးဖြိုင်ဖြိုင်ပေါ်ချိန် ဈေးနှုန်းထိန်းချုပ်မှုကြောင့် စပါးအစိုတင်း ၁၀ဝ လျှင် ငွေကျပ် ၅ သိန်းအောက် ကျဆင်း

ရေတာရှည်   ၂၀  ဧပြီ 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာဆည်တမံရေသောက် နွေစပါးစိုက်ခင်းများ ရိတ်သိမ်း လျက်ရှိပြီး ယခုလက်ရှိစပါးဖြိုင်ဖြိုင်ပေါ်ချိန်တွင် ရောင်းလိုအားနှင့်ဝယ်လိုအားကိုချိန်တွက်ကာ ကုန်သည်များက ဈေးနှုန်းကိုထိန်းချုပ်လျက်ရှိ၍ စပါးအစိုတင်း ၁၀ဝ လျင် ငွေကျပ် ၄ သိန်း ၈ သောင်း အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

“တောင်သူတွေစပါးပေါ်ရင်ထုံးစံလိုပါပဲ ဈေးနှုန်းဖွင့်တာကကုန်သည်တွေဆိုတော့ ခုသူတို့ ဆန်စက်တွေမှာ စပါးတွေပုံနေတယ် ရောင်းလိုအားက များတော့ ဈေးနှုန်းက ဖမ်းထိန်း လိုက်တဲ့သဘောပါပဲ” ဟု အင်းပက်လက်ကျေးရွာနေ စပါးအရောင်းအဝယ်လုပ်သူတစ်ဦးက ပြောသည်။ တောင်သူများ အနေဖြင့် လက်ရှိစပါးများရိတ်သိမ်းလျက်ရှိရာတွင် ရိတ်ချွေခစက်ဖိုးနှင့် သွင်းအားစု ဓာတ်မြေသြဇာအကြွေးများကို အမြန်ဆုံးပေးဆပ်နိုင်ရန် စက်ကျ အစိုကိုသာ စပါးအရောင်းအဝယ်လုပ်သူနှင့်ချိတ်ဆက်ကာ ရောင်းချကြခြင်းနှင့် ပတ်သက်၍ “ကျွန်တော်တို့တောင်သူတွေအနေနဲ့ စပါးကို ခြောက်အောင်အထိ မစောင့်နိုင်ကြဘူးလေ၊ စပါးသယ်ယူရတာ၊ အခြောက်လှန်းဖို့အတွက် လူငှားရတာတွေက ငွေကြေးကထပ်ကုန်မယ့်အပြင် စပါး ကလဲလျော့သွားအုံးမှာ၊ နောက် ဓာတ်မြေဩဇာအကြွေးတွေကလည်း အတိုးက တက်နေတာရယ် ရိတ်ချွေခက စပါးရောင်းပြီးတာနဲ့ တန်းပေးရတာဆိုတော့ အစိုဈေးနှုန်းအတိုင်းပဲရောင်းရတာပဲ” ဟု ဆွာမင်းလမ်းကျေးရွာနေ တောင်သူတစ်ဦးကပြောသည်။

စပါးစိုက်ပျိုးရာတွင် နှစ်စဉ်လိုလို အရှုံးပေါ်နေကြရသည့် တောင်သူများအနေဖြင့် လက်ရှိ စပါးအစိုတင်း ၁၀ဝ လျှင် ငွေကျပ် ၅ သိန်းဈေးဖြင့် ရောင်းချရသည့်အခါ အဆင်ပြေကြသော်လည်း ဈေးနှုန်းများ ထပ်မံကျဆင်းလျင် အခက်အခဲများကြုံတွေ့ နိုင်သည်ဖြစ်ရာ လက်ရှိကာလ နွေစပါးများပေါ်ခြင်းကြောင့် မိုးစပါးမတိုင်မှီ ဆန်ရိက္ခာလိုအပ်မှုကိုများ ဖြည့်တင်းနိုင်မည်ဖြစ်သည်။ 

ကိုလွင်(ဆွာ)