နေ့စဉ်ဘုရားဖူးဧည့်သည် (၁၀၀၀)ဝန်းကျင်ရှိသော တောင်ပုလတောင်တော်စေတီတွင် ဒူးရင်းသီး စတုဒိသာအလှူနှင့် သစ်ပင်စိုက်ပွဲတော်ကို မေလ၂၅ရက်တွင် ကျင်းပသွားမည်

ရန်ကုန် မေ ၈

နေ့စဉ်ဘုရားဖူးဧည့်သည် (၁၀၀၀)ဝန်းကျင်ရှိသော ပြင်ဦးလွင်မြိုနယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ ပိတ်ချင်းမြောင်အနီးတွင် တည်ရှိသော တောင်ပုလတောင်တော်စေတီတွင် ဒူးရင်းသီးစတုဒိသာအလှူနှင့် သစ်ပင်စိုက်ပွဲတော်ကို မေ၂၅ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အရှင်ပညာဘောဂ(တောင်ပုလ)က မိန့်ကြားသည်။

ဒူးရင်းသီး စတုဒိသာပွဲတော်ကို ပြီးခဲ့သည့်နှစ်က ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး  ဒူးရင်းသီးအလုံးရေ ၁၀၀၀ ခန့်သာ ကျွေးမွေးခဲ့သော်လည်း ယခုနှစ်စတုဒိသာပွဲတော်တွင် ဒူးရင်းသီးအလုံးရေ(၃၀၀၀)မှ(၅၀၀၀)ခန့်အထိ မေ၂၅ရက် နံနက်၉နာရီခွဲမှစ၍ စတင်ကုသိုလ်ပြုသွားမည်ဖြစ်ကာ ယခုနှစ်အတွင်း သစ်ပင်စိုက်ပွဲတော်ပါ ထည့်သွင်းကျင်းပသွားမည်ဟုလည်း မိန့်ကြားသည်။

"မနှစ်ကတုန်းကတော့ တောင်ပုလမှာ ဒူးရင်းသီးစတုဒိသာဆိုပြီး ပထမဆုံးအကြိမ်ကျင်းပဖြစ်ခဲ့တယ်။ ကျင်းပတုန်းကတော့ သမန်ကာလျှံကာပဲ၊ ပုံမှန်စတုဒိသာလည်း နေ့တိုင်းထမင်းလည်း ကျွေးနေတာဆိုတော့ ဆရာတော်နဲ့ချိတ်ဆက်တဲ့ ဒူးရင်းသီးခြံပိုင်ရှင်တွေကလည်း ဒူးရင်းသီးလှူပေးပါမယ်၊ သက်သာတဲ့ ဈေးနှုန်းနဲ့ရောင်းချပေးပါမယ်ဆိုတော့ဝယ်ပြီး စတုဒိသာလုပ်မယ်ဆိုပြီး မထင်မှတ်ဘဲ  လုပ်လိုက်တာ။ သိုသော်လည်း မနှစ်ကလုပ်ခဲ့တဲ့ ဒူးရင်းသီးစတုဒိသာပွဲဟာ တော်တော်လေး ပေါက်ပေါက်မြောက်မြောက်လည်းဖြစ်တယ်၊ ဘုရားဖူးတွေလည်း အဲဒီနေ့မှာအများကြီးပိုလာတဲ့အခါ ဒီနှစ်မှာတော့ အစဉ်အလာမပျက် ဆက်လက်ပြုလုပ်တယ်ဆိုတဲ့ သဘောနဲ့  ဒူးရင်းသီးစတုဒိသာကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဒီနှစ်မှာကတော့ ဒူးရင်းသီးစတုဒိသာပွဲတော်နှင့်အတူ သစ်ပင်စိုက်ပွဲတော်ပါ ထည့်သွင်းကျင်းပသွားမယ်"ဟု ဆရာတော်က မိန့်ကြားသည်။

ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည့် ဒူးရင်းသီးစတုဒိသာပွဲတော်ရက်တွင်  သီတင်းကျွတ်လပြည့်နေ့၊ ဝါဆိုလပြည့်နေ၊ တန်ဆောင်တိုင်လပြည့်နေ့စသည့် နေ့များထက် လူစည်ကားခဲ့တဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဆက်လက်ထိန်းသိမ်းသောအားဖြင့် လည်းကောင်း၊ ယခုနှစ်တွင်ဒူးရင်းသီးပွဲတော်နှင့်အတူ သစ်ပင်စိုက်ပွဲတော်ပါပူးတွဲကျင်းပရခြင်းမှာ သစ်ပင်ချစ်မြတ်နိုးတတ်စေရန်၊ သစ်ပင်များအပေါ် အလေးအနက်ထားတတ်စေရန် ကိုယ်တိုင်ကိုယ်ကျ သစ်ပင်စိုက်ပျိုးသည့် အလေ့အထရစေရန် စိတ်ဆန္ဒကြောင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။

ယင်းအပြင် အနုပညာရှင်များ၏ ဖျော်ဖြေရေးကဏ္ဍများလည်း ပါဝင်မည်ဖြစ်ပြီး  ယခုနှစ်တွင်ပြီးခဲ့သည့်နှစ်က ဆောင်ရွက်ခဲ့စဉ် ဆောင်ရွက်မှုအပေါ်တွင် အားနည်းချက်များကိုပြုပြင်၍ ယခုနှစ်တွင် ပိုမိုပြည့်စုံစေပြီးပိုကောင်းမွန်စေရန်နှင့် လူတိုင်း ဒူးရင်းသီးစားနိုင်ပြီး စားခွင့်ရရှိစေရန် ဆောင်ရွက်သွားရန် လျာထားကာ၊ ပွဲတော်ရက်မတိုင်မီကာလကပင် စိတ်ဝင်စားမှုများနေကြပြီး ရန်ကုန်အခြေပြုတဲ့ ဘုရားဖူးလုပ်ငန်းစုများကလည်း ဒူးရင်းသီးပွဲတော်နှင့် ချိန်ကိုက်၍ ဘုရားဖူးခရီးစဉ်များ ရေးဆွဲနေခြင်းများရှိနေကြောင်း သိရသည်။

"ဒီနှစ်မှာတော့ ရန်ကုန်အခြေပြုတဲ့ ဘုရားဖူးလုပ်ငန်းစုတွေကလည်း ဒူးရင်းသီးပွဲတော်နဲ့ချိန်ကိုက်ပြီး ဘုရားဖူးခရီးစဉ်တွေ ရေးဆွဲနေတယ်လို ဆက်သွယ်မေးမြန်းလာတယ်။ ညအိပ်လာမယ့် ပုဂ္ဂိုလ်တွေလည်းရှိတယ်။ ပွဲတော်ရက်မတိုင်မီမှာတော့ အမှိုက်ကင်းစင်ရေးကို အလေးထားဆောင်ရွက်တတ်တဲ့ အလေ့အကျင့်တွေရဖိုအတွက် တောင်ပုလတောင်တစ်ခွင် အမှိုက်ကင်းစင်ရေးအတွက် ဆောင်ရွက်တဲ့ပန်းချီ၊ ပိုစတာတွေဆောင်ရွက်မှုလေးတွေ၊ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေ Alarm ပေးမယ်၊ နောက်သစ်ပင်နှင့်ပတ်သက်တဲ့ alarmပေးချင်တာပေါ့။ မနှစ်ကတော့ ဒူးရင်းသီးစားပွဲနှင့်အတူ တရားပွဲကို ဦးတည်ကျင်းပခဲ့တယ်/ ဒီနှစ်မှာတော့ သီးခြားတရားပွဲလည်းဆောင်ရွက်မယ်"ဟု ဆရာတော်က  မိန့်ကြားသည်။

တောင်ပုလသို မြန်မာပြည်အနှံမှ ဘုရားဖူးများ အချိန်အကန့်အသတ်မရှိ ၂၄နာရီဘုရားဖူးများ  လာရောက်နိုင်သည့်နေရာတစ်ခုဖြစ်ပြီး ညအိပ်လာရောက်သည့် ဘုရားဖူးများလည်းရှိနေပြီးနေ့စဉ်လူဦးရေ (၁၀၀၀)ဝန်းကျင်ခန့် ဘုရားဖူးခရီးသည်များလာရောက်ကြောင်းသိရပြီး စနေ၊ တနဂ်နွေ၊ လပြည့်၊ လကွယ်ရက်များတွင် သာမန်ရက်များထက် ဘုရားဖူးပိုများပြီးတောင်ပုလသို့ လာရောက်သည့် ဘုရားဖူးများကို နံနက်ပိုင်းမှ ညပိုင်းအထိ အချိန်မရွေးစတုဒိသာ သုံးဆောင်နိုင်ရန် ထမင်းနှင့်ဟင်း ဧည့်ခံကျွေးမွေးနေကြောင်းလည်း သိရသည်။

တောင်ပုလတောင်တော်မှာ ခရီးသွားများကို စွဲဆောင်မှုရှိသည့်  ပြင်ဦးလွင်မြို၏အထင်ကရ နေရာတစ်ခုဖြစ်ပြီး သဘာ၀တောတောင်အလှအပနှင့်  တိမ်ပင်လယ်အလှအပကို ခံစားနိုင်စေရန် အပန်းဖြေနေရာ များစွာကိုလည်း ဖော်ဆောင်ထားကြောင်း သိရသည်။

MT