နွေအတွက် ရေမခက်စေရေး

နွေရာသီနေ့အပူချိန်များ မြင့်သည်ထက်မြင့်လာသည်နှင့်အမျှ သောက်ရေသုံးရေအတွက် အခက်အခဲတွေ့ရသည့် နေရာများတွင် ရေလှူဒါန်းကြရသည့်သတင်းများကို ပို၍တွေ့လာရသည်။ ရေရှားပါးသည့်   နေရာဒေသများဟုဆိုလျှင်  အများအားဖြင့်  မြန်မာနိုင်ငံအလယ်ပိုင်းရှိ မိုးနည်းရပ်ဝန်းဒေသကြီးကို မြင်ယောင်လေ့ရှိသော်လည်း ယခုအခါ နွေရာသီရောက်တိုင်း ရေအခက်အခဲတွေ့ကြရသည့် ဒေသများတွင် ရှမ်းကုန်းပြင်မြင့်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသများကဲ့သို့သော ဒေသများမှ မြို့ရွာရပ်ကွက်များ ပါဝင်လျက်ရှိသည်ကိုလည်း  တွေ့ရှိနိုင်သည်။  သို့ဖြစ်ရာ သာမန်အားဖြင့် ရေအရင်းအမြစ် ပေါများသည်ဟုဆိုသည့် မိမိတို့နိုင်ငံတွင် သောက်သုံးရေသည် နေရာတိုင်း၊ အချိန်တိုင်း ပေါများစွာရရှိနိုင်ခြင်း မရှိဘဲ ရာသီအလိုက် ရှားပါးပြတ်လပ်လေ့ရှိရာ ရေချိုအရင်းအမြစ်များ မပျက်မစီးအောင် ထိန်းသိမ်းရန်နှင့် ကောင်းမွန်ပြည့်စုံသည့် ရေစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများကို ကျင့်သုံးရန်ဆောင်ရွက်သွား ကြရမည်ဖြစ်သည်။

ကျေးရွာများ၌ နွေရာသီရေရှားပါးမှုများ ဖြစ်ပေါ်လာပါက ဆက်သွယ်သတင်းပေးပို့နိုင်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အသိပေးထားရာ ခေတ်မီဆက်သွယ်ရေး နည်းပညာများကိုအသုံး ပြု၍ လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်နိုင်မည်ဖြစ်သည်ကို တွေ့ရသည်။ ရေအကျပ်အတည်းသည် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးဆုံးစိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်ပြီး ကုလသမဂ္ဂ၏အဆိုအရ လူဦးရေ နှစ်ဘီလီယံကျော်သည် ဘေးကင်းသည့် သောက်သုံးရေမရရှိကြသည့်အပြင် လေးဘီလီယံကျော်သည်လည်း တစ်နှစ်လျှင် အနည်းဆုံး တစ်လတာ ရေရှားပါးမှု ခံစားနေကြရသည်ဟု ဆိုသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ ၁ ဒသမ ၄ သန်းသည် မသန့်ရှင်းသည့်ရေကြောင့် ဖြစ်ပေါ်သည့်ရောဂါများနှင့် မိလ္လာမသန့်ရှင်းမှုများကြောင့် သေဆုံးနေကြရပြီး လူဦးရေ ၇၄ သန်းမှာလည်း တဖြည်းဖြည်း သက်တမ်း တိုတောင်းလာကြသည်ဟု ဆိုသည်။

မိမိတို့နိုင်ငံတွင် ပြည်သူလူထုရေရရှိရေးနှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေးတို့အတွက် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိရာ ရေရှားပါးသည့် ဒေသများတွင် သောက်သုံးရေအတွက် စိမ့်စမ်းရေကို သွယ်တန်းပေးခြင်း၊ အဝီစိတွင်းများ တူးဖော်ပေးခြင်း၊ ဆည်တာတမံများ ဆောက်လုပ်ထိန်းသိမ်းပေးခြင်း၊ မြစ်ရေတင်စီမံကိန်းများ ဖော်ဆောင်ပေးခြင်း၊ မြေအောက်ရေထိန်းတမံများ ဆောက်လုပ်ပေးခြင်း စသည့်ရေရရှိရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ တစ်နိုင်ငံလုံး ရေချိုသုံးစွဲမှု၏ ၈၉ ရာခိုင်နှုန်းကို စိုက်ပျိုးရေး ကဏ္ဍက သုံးစွဲနေခြင်းဖြစ်ရာ နိုင်ငံတစ်ဝန်းလုံး၌ ရေလှောင်တမံ ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ရေကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခုနှင့် မြစ်ရေတင်လုပ်ငန်း ၂၁၉ ခုတို့ဖြင့် စိုက်ပျိုးရေ၊ သောက်သုံးရေပေးဝေ လျက်ရှိသည့်အပြင် အချို့ရေလှောင်တမံများတွင် ရေအားလျှပ်စစ်ကိုပါ ထုတ်လုပ်လျက်ရှိသည်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် အဓိကမြစ်ကြီးလေးစင်းနှင့် မြစ်ချောင်းများမှ မြစ်ရေတင် စီမံကိန်း စုစုပေါင်း ၃၉၀ ဖြင့် စိုက်ပျိုးမြေဧရိယာ ဧက ၇၅၀၀၀၀ ခန့်ကို စိုက်ပျိုးရေပေးဝေလျက်ရှိပြီး မြေအောက်ရေတွင်းတူးဖော်ပြီး စိုက်ပျိုးရေပေးဝေသည့်လုပ်ငန်းပေါင်း ၁၄၉၈၉ ခုမှ စိုက်ပျိုးဧက ၉၃၀၀၀၀ ခန့်ကို ရေပေးဝေလျက်ရှိသည်ဟု သိရသည်။

ရာသီဥတုပြောင်းလဲမှုမှ ဖြစ်ပေါ်လာသည့် သက်ရောက်မှုများနှင့် ရေအခက်အခဲများသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်သကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း အနာဂတ်ကာလတစ်လျှောက် ရင်ဆိုင်သွားကြရတော့မည့် စိန်ခေါ်မှုကြီးတစ်ခုဖြစ်သည်။ ရေဝေရေလဲ ဒေသများတွင် သစ်တောများ ကောင်းမွန်စွာပြန်လည်ပေါက်ရောက် လာအောင် ပြန်လည်ထိန်းသိမ်းခြင်းကြောင့် ဒေသပြန်လည်စိမ်းလန်း စိုပြည်လာပြီး ယခင် ခန်းခြောက်သွားခဲ့သည့် သဘာဝရေထွက်များမှ ပြန်လည်ရေထွက်လာသည့် သာဓကများရှိရာ သစ်ပင် သစ်တောများ ပြန်လည်စိုက်ပျိုးထိန်းသိမ်းရေး၊ ရေသုံးစွဲမှုများတွင် ရေကိုလိုအပ်သလောက်သာရယူ၍ ထိထိရောက်ရောက်သုံးစွဲရေး၊ ရှိပြီးဖြစ်သော ရေရရှိရေးဆိုင်ရာ အခြေခံအဆောက်အအုံများ မပျက်မစီးအောင် ဝိုင်းဝန်းစောင့်ရှောက်ရေး၊ ရေအရင်းအမြစ်များနှင့် မြစ်ချောင်းများ မတိမ်ကော၊ မပျက်စီးအောင် ထိန်းသိမ်း စောင့်ရှောက်ရေးတို့ကို လူတိုင်းက အသိတရားဖြင့် ပါဝင် ဆောင်ရွက်ကြရပါမည့်အကြောင်း။

မြန်မာ့အလင်း