နော်ဝေနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ပြန်လည် တွေ့ရှိပြီးနောက် အပျော်စီး သင်္ဘောတွေ ရပ်နားခွင့် ကန့်သတ်

၄ ဩဂုတ်

 

 

နော်ဝေနိုင်ငံရဲ့ ကမ်းရိုးတန်းမှာ ဝန်ထမ်းတွေ အပါအဝင် လူပေါင်း ၁၀၀ ကျော် တင်ဆောင်လာတဲ့ သင်္ဘောတွေ ကမ်းကပ်ခွင့် မရသလို သင်္ဘောပေါ် ပါလာတဲ့ သူတွေကိုလည်း ကမ်းပေါ် ဆင်းခွင့်ကို အနည်းဆုံး သီတင်းနှစ်ပတ် ပိတ်ပင်လိုက်ကြောင်း ကျန်းမာရေး ဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ တနင်္လာနေ့က ပြောကြား လိုက်ပါတယ်။

 

 

အခု တားမြစ်လိုက်တဲ့ထဲမှာ ဖယ်ရီသင်္ဘောတွေ မပါဝင်ပေမယ့် သင်္ဘောကုမ္ပဏီ ၆ ခုခန့်ဟာ နော်ဝေ ဆိပ်ကမ်းတွေမှာ ရပ်နားခွင့် မရရှိတော့ကြောင်း သိရပါတယ်။

 

 

ဟာတီဂရာတန် (Hurtigruten) ကုမ္မဏီမှ အပျော်စီးသင်္ဘော (MS Roald Amundsen) ပေါ်မှာ လူပေါင်း ၃၈၇ ဦး လိုက်ပါလာရာ  အနည်းဆုံး ၄၁ ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် အခုလို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ သင်္ဘောဝန်ထမ်း ၃၆ ဦးနဲ့ ခရီးသည် ၅ ဦးတို့မှာ ဗိုင်းရပ်စ်ပိုးကို တွေ့ရှိကြောင်း စနေနေ့က ကြေညာလိုက်ပါတယ်။ အဲဒီ ဖြစ်စဉ်ကြောင့် သင်္ဘော ကုမ္ပဏီက မနေ့က တောင်းပန်လိုက်ပါတယ်။

 

 

သင်္ဘောဟာ အာတိတ် စက်ဝိုင်းရှိ ရှေးဟောင်း ယဉ်ကျေးမှုဒေသ ဆာဘတ်နဲ့ နော်ဝေတို့ကြား ပြေးဆွဲတဲ့ အပျော်စီးသင်္ဘော ဖြစ်ပါတယ်။ ဇူလိုင် ၁၇ ရက်နေ့ကတည်း ထွက်ခွာလာတဲ့ အပျော်စီး သင်္ဘောပေါ်မှာ လိုက်ပါလာသူ အများစုဟာ နော်ဝေနိုင်ငံသားတွေ ဖြစ်ပြီး ဂျာမနီ၊ ဒိန်းမတ်၊ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ အက်စ်တိုးနီးယား နဲ့ လတ်ဗီးယား နိုင်ငံသားတွေလည်း ပါဝင်ကြောင်း သိရပါတယ်။

 

 

နော်ဝေနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၉,၃၃၄ ဦးရှိရာ ပြန်လည်ကျန်းမာလာသူ ၈,၇၅၂ ဦး ရှိပြီး သေဆုံးသူ ၂၅၆ ဦးရှိကြောင်း ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား- AFP

2356