နောင်မွန်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ချောင်းရေမြင့်တက်ပြီး ကျောက်စီမြေထိန်းနံရံများ ပျက်စီး

နောင်မွန် ၂၇ ဇူလိုင်

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ကဆန်ချောင်းရေ မြင့်တက်လာမှုကြောင့် ရေကျော်ခဲ့ရာ ကျောက်စီမြေထိန်းနံရံများနှင့် ကမ်းပါးပြိုကျပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

အဆိုပါ ကျောက်ဖြည့်မြေထိန်းနံရံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ အမှတ်(၅)ရပ်ကွက် ဘုရားကျောင်းအနီး ကဆန်ချောင်းကမ်းထိန်းနံရံများ ပိုမိုခိုင်မာလာစေရန်အတွက် အလျား(၆၀ဝ)ပေ ကျောက်ဖြည့်မြေထိန်းနံရံကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ကျောက်ဖြည့်မြေထိန်းနံရံမှာ ယခုနှစ် ဇူလိုင်လဒုတိယအပတ် မိုးသည်းထန်ရွာသွန်းမှုကြောင့် ကဆန်ချောင်းရေ မြင့်တက်လာခြင်း၊ ရေစီးအလွန်ကြမ်းခြင်းကြောင့် အထက်မှမျှောပါလာသော သစ်လုံးများကြောင့် ကျောက်စီမြေထိန်းနံရံထိပ်သို့ ရိုက်ခိုက်မိရာ အလျား(၉)ပေ ပျက်စီးခဲ့သည်။

 

ကဆန်ချောင်းရေသည် မိုးရာသီကာလ နှစ်စဉ်ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ချိန်တွင် လက်ရှိဆောင်ရွက်ထားသည့် ကျောက်ဖြည့်မြေထိန်းနံရံများ အထက်(၇)ပေခန့် ကျော်လွန်လျက် ရေများရောက်ရှိရာ မြေထိန်းနံရံများကို ပိုမိုခိုင်ခန့်အောင်နှင့် ယခုထက်မြင့်အောင် ဆောင်ရွက်ပေးနိုင်ရန် ဒေသခံပြည်သူများက လိုလားလျက်ရှိကြောင်း သိရသည်။

 

နောင်မွန်မြို့နယ် ရပ်ကွက်(၅)နေ ဦးမလောင်အောင်ဆာရ်းက နှစ်စဉ်က ဆန်ချောင်းရေကြီးရေလျှံမှုက ရေကာတာထက် (၇)ပေခန့်ကျော်၍ မြင့်တက်လာတာကြောင့် ယခုထက်ပိုမြင့်သော မြေထိန်းနံရံများကို အဆင့်မြှင့်တင်ပေးစေလိုကြောင်း၊ မြေကမ်းပါးပြိုမှုများ ထပ်မံမဖြစ်ပွားစေရန် ယခင်မြေထိန်းနံရံနှင့် ယခုနှစ်မြေထိန်းနံရံကြားတွင် ပေ(၁၅၀)ခန့် ကွာဟနေသည့်နေရာကို အမြန်ဆုံးပြုလုပ်ပေးစေလိုကြောင်း၊ ယခုပြိုကျပျက်စီးနေသော မြေထိန်းနံရံများကိုလည်း ဖြစ်နိုင်ပါက အမြန်ဆုံးပြုပြင်မွမ်းမံပေးဖို့ မျှော်လင့်ပါကြောင်း ပြောသည်။

 

ယင်းဖြစ်စဉ်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် တာဝန်ရှိများက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြေထိန်းနံရံပြိုကျပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း၊ မြို့နေပြည်သူများအတွက် စိုးရိမ်မှုမရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၏ ပြောကြားချက်အရ သိရသည်။

 

ဆန်းညွန့်(ပူတာအို)