နောက်ကျဂိုးဖြင့် လက်ရှိချန်ပီယံ ရန်ကုန်အသင်း နိုင်ပွဲရရှိ

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ကွင်းသုံးကွင်း၌ ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ရန်ကုန်နှင့် ဟံသာဝတီအသင်းတို့ နိုင်ပွဲရရှိခဲ့သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက မကွေးအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ ရန်ကုန်အသင်းအတွက် ကျေနပ်စရာကောင်းသည့် နိုင်ပွဲဖြစ်သော်လည်း မကွေးအသင်း၏ ရုန်းကန်မှုကြောင့် ခက်ခက်ခဲခဲကစားခဲ့ရသည်။ ရန်ကုန်အသင်းသည် ဦးဆောင်ဂိုးများ သွင်းနိုင်သော်လည်း မကွေးအသင်းက နောက်မှလိုက်ကာ ချေပဂိုးများ သွင်းနိုင်ခဲ့ပြီး ပွဲပြီးခါနီးတွင် သွင်းယူသည့် သန်းပိုင်၏ဂိုးကြောင့်သာ အမှတ်ပြည့်ရခဲ့ခြင်း ဖြစ်သည်။

 

ရန်ကုန်အသင်းသည် ဆယ်လာ၊ မီလာ၊ ယာမာဇာကီ၊ မောင်မောင်လွင်၊ ကျော်ဇင်ဦးတို့ဖြင့် ပွဲထွက်လာပြီး မကွေးအသင်းတွင်လည်း စိုးလွင်လွင်၊ စိုးအာကာ၊ ပြည်မိုးတို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစတွင် ရန်ကုန်အသင်းက ပိုဖိကစားနိုင်ပြီး ၈ မိနစ်တွင် မောင်မောင်လွင်က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ရန်ကုန်အသင်းသည် ဂိုးရသော်လည်း ပွဲကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲ မကွေးအသင်း၏ ဖိအားပေးခြင်းကို ခံခဲ့ရသည်။ ရန်ကုန်ခံစစ်မှာ လိုအပ်ချက်များရှိနေပြီး မကွေးအသင်းက အသုံးချကာ ၄၃ မိနစ်တွင် ပြည်မိုးက ချေပဂိုးပြန်သွင်းခဲ့သည်။ ဒုတိယပိုင်းတွင် ရန်ကုန်အသင်းက ဂိုးထပ်ရရန် တိုက်စစ်မြင့်လာပြီး ၅၇ မိနစ်တွင် အသင်းခေါင်းဆောင် ဆယ်လာက ခေါင်းတိုက်ပြီး ဒုတိယဂိုးသွင်းယူခဲ့သည်။ မကွေးအသင်းသည် ဂိုးထပ်ပေးရသော်လည်း စိတ်ဓာတ်မကျဘဲ ဂိုးပြန်ရရန် ကြိုးစားခဲ့ပြီး မိနစ် ၇၀ တွင် စိုးလွင်လွင်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ချေပဂိုးပြန်သွင်းခဲ့သည်။ မကွေးအသင်းသည် သရေရလဒ်ကိုထိန်းရန် ကြိုးပမ်းခဲ့သော်လည်း ၈၆ မိနစ်တွင် ဂိုးထပ်ပေးလိုက်ရသည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးကို လူစားဝင်တိုက်စစ်မှူး သန်းပိုင်က သွင်းယူခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်