နောက်ကျအနိုင်ဂိုးဖြင့် ရှမ်းယူနိုက်တက်အသင်း ရှုံးထွက် ဆီမီးဖိုင်နယ် တက်ရောက်

၁၉ မေ 

 

၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ကွာတားဖိုင်နယ် (ပထမနေ့) ကို ယနေ့ညနေပိုင်းက ကျင်းပရာ ရှမ်းယူနိုက်တက်နှင့် ရခိုင်အသင်း ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

 

အောင်ဆန်းကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ခြေစွမ်းမကွာသည့်နှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး ရှမ်းယူနိုက်တက် အသင်းသည် တစ်ဂိုးအရှုံးမှ လိုက်ကစားရသော်လည်း ပွဲပြီးခါနီးတွင် သွင်းယူသည့်အနိုင်ဂိုးဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

 

ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီ ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဟံသာဝတီအသင်းကို ရှုံးနိမ့်ခဲ့သည့် ရှုံးကြွေးအားပြန်ဆပ်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်သို့ နောက်ဆုံးသုံးကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့သည်။ ဟံသာဝတီအသင်းသည် ပွဲအစတွင် ရရှိသည့်ဦးဆောင်ဂိုးကို မထိန်းနိုင်ခဲ့၍ ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့သည်။

 

ရှမ်းယူနိုက်တက်အသင်းသည် ရာသီဝက်အပြောင်းအရွှေ့ကာလတွင် အသစ်ခေါ်ယူထားသည့် နိုင်ငံခြားသားကစားသမားများဖြစ်သော နောက်ခံလူ ဝီလျံ၊ ကွင်းလယ်ကစားသမား မက်ဆီမင်၊ တိုက်စစ်မှူး အီမန်နျူရယ်တို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့ပြီး ဟံသာဝတီအသင်းမှာလည်း နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် လူစုံပါဝင်ခဲ့သည်။ ဟံသာဝတီအသင်းသည် ပွဲအစ လေးမိနစ်တွင် ဦးဆောင်ဂိုးရခဲ့ပြီး ကွင်းလယ်ကစားသမား ရန်နိုင်အောင်က အဝေးမှ ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ဟံသာဝတီအသင်းက ထိန်းကစားခဲ့၍ ရှမ်းယူနိုက်တက်အသင်း ပြန်လည်ဖိအားပေးနိုင်ခဲ့သည်။ သို့သော် နိုင်ငံခြားသား ကစားသမားများနှင့် ပြည်တွင်းကစားသမားများ အတွဲအဖက်မမီ၍ ရှမ်းတိုက်စစ်မှာ ထိရောက်မှုမရှိဘဲ ပထမပိုင်းတွင် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်နေသည်။ ဒုတိယပိုင်းအစတွင် ရှမ်းယူနိုက်တက်အသင်းက ဇင်မင်းထွန်းအစား ဆွမ်လမန်ကိုထည့်ကာ တိုက်စစ်မြင့်ခဲ့ပြီး ၅၃ မိနစ်တွင် ဆွမ်လမန်က ချေပဂိုးပြန်သွင်းခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ဟံသာဝတီအသင်းအနေဖြင့် ဂိုးထပ်ရရန် ရုန်းကန်ခဲ့ရသည်။ 

 

ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ၉၀+၃ မိနစ်တွင် ကွင်းလယ်လူ မက်ဆီမင်က ထောင့်ကန်ဘောမှ ခေါင်းတိုက်ပြီး သွင်းယူခဲ့ခြင်းဖြစ်သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းက မကွေးအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရခိုင်အသင်းသည် ပထမပိုင်းတွင် တစ်ဂိုးဖြင့်ရှုံးနေသော်လည်း ဒုတိယပိုင်းတွင် လေးဂိုးပြန်သွင်းပြီး ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၄၃ မိနစ်တွင် စိုးလွင်လွင်က မကွေးအသင်းအတွက် ဂိုးစတင်သွင်းသော်လည်း ၅၄ မိနစ်တွင် စိုးမြတ်သူက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့၍ ရခိုင်အသင်း ချေပဂိုးပြန်ရခဲ့သည်။ သရေကျပြီးနောက်ပိုင်းတွင် ရခိုင်အသင်း ကစားပုံပိုကောင်းလာပြီး အနိုင်ဂိုးများကို ၆၃ မိနစ်တွင် ဆင်မြုရယ်၊ ၆၇ မိနစ်တွင် ဇော်သိန်းဝင်း၊ ၈၄ မိနစ်တွင် ဇော်ဇော်နိုင်တို့က သွင်းယူခဲ့သည်။ 

 

ဆီမီးဖိုင်နယ်တွင် ရှမ်းယူနိုက်တက်နှင့် ရခိုင်အသင်း တွေ့ဆုံနေပြီး ပထမအကျော့ကို မေ ၂၅ ရက်တွင် ရှမ်းယူနိုက်တက်၏ အိမ်ကွင်းဖြစ်သော တောင်ကြီးကွင်း၊ ဒုတိယအကျော့ကို ဇွန် ၁ ရက်တွင် ရခိုင်အသင်း၏ အိမ်ကွင်းဖြစ်သော ဝေသာလီကွင်း၌ ကျင်းပမည်ဖြစ်သည်။

 

ကွာတားဖိုင်နယ် (ဒုတိယနေ့) ကို မေ ၂၀ ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အောင်ဆန်းကွင်း၌ ရတနာပုံအသင်းနှင့် စစ်ကိုင်းအသင်း၊ သုဝဏ္ဏကွင်း၌ Southern အသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်