နှစ်သစ်မှာ စိတ်သစ်ဖြင့် အကျိုးကောင်းစေရန် အကြောင်းကောင်းများဖြစ်ပါစေ...

ဒေါက်တာ မြတ်မိုး

နှစ်သစ်အကူးအပြောင်းရောက်တိုင်း သတိတရနဲ့ သံဝေဂစကားလေးတွေ ပြောဖြစ်ကြတယ်၊ ဆုတောင်းဖြစ်ကြတယ်။ တစ်နှစ်တာအတွင်း ရတောင့်ရခဲ သင်္ကြန်ရက်ရှည်ကို အခွင့်ကောင်းယူ၊ မိမိအတွက်ကောင်းတာတွေ ကျန်အောင်လုပ်၊ အဆိုးတွေချန်ရစ်ခဲ့မယ်။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကောင်းသောအကျိုးကျေးဇူးတွေ ဖြစ်စေချင်တဲ့အတွက် အကြောင်းကောင်းတွေဖြစ်အောင် ကြိုးစားကြရမှာပေါ့။ ကျွန်တော်တို့အားလုံး နှစ်ဟောင်းမှာ ဘာတွေလုပ်ခဲ့ကြသလဲ၊ ဘယ်လမ်းလျှောက်ခဲ့ပြီး ကျန်နေတဲ့အချိန် ဘယ်လမ်းကိုရွေးလျှောက်ကြမလဲ၊ ကိလေသာလား ပါရမီလား။ အကောင်းအဆိုးမှာ အကောင်းဆိုတာဘာလဲ၊ အဆိုးဆိုတာ ဘာကိုဆိုတာလဲ၊ စိတ်ဓာတ်အသစ်ဆိုတာကရော၊ နောက်ပြီး အကြောင်းကောင်းရင် အကျိုးလည်းကောင်းမယ်ဆိုတဲ့ သဘောတရားကရော ဘာကိုဆိုလိုပါသလဲ...။

စိတ်ထားအသစ်အသစ်တွေနဲ့အတူ

အသက်အရွယ်အရ တရားသဘောလေးတွေ သိလာရတဲ့အခါ လူ့ဘဝဟာ ရခဲပါလား၊ သက်တမ်းတိုတိုနဲ့ ဒီဘဝမှာ လူ့ဘဝရနေခြင်းကပင် အတိတ်ဘဝ ဘဝတွေမှာ ကောင်းသောကုသိုလ်ကံတွေ ထူထောင်ခဲ့လို့ဆိုတာ အလေးအနက်ထားမိတဲ့အခါ နောင်ဘဝတွေမှာ အနည်းဆုံးတော့လူပြန်ဖြစ်ဖို့၊ လူချမ်းသာနတ်ချမ်းသာဘဝရဖို့ ဆုတောင်းမိပြန်တယ်။ ပိုပြီး မြင့်မြတ်တဲ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ ပါရမီ ၁၀ ပါး အပြား ၃၀ ကို ဉာဏ်နဲ့ယှဉ်ပြီး ထူထောင်နိုင်ရင်တော့နိဗ္ဗာန်ကို အထောက်အကူပြုနိုင်တာပေါ့။ လက်တွေ့မှာတော့ လူ့ဘဝရရင်တောင်မှ ဘုရားသာသနာနဲ့ကြုံကြိုက်ဖို့ရာ ခဲယဉ်းနေသေးတယ်။ သာသနာနဲ့ ကြုံရင်သော်မှ ဘုရားရဲ့တရားတော်တွေနာရဖို့က အခြေအနေပေးမှ ရနိုင်တာ။ နာတိုင်းလည်းသိဦးမှ၊ သိတိုင်းလည်းကျင့်ဦးမှ...။ ဤလိုအကြောင်းတရားတွေက ရခဲလှပါတယ်။ ရခဲ့ရင်လည်း ထိုအကြောင်းတရားတွေက အကျိုးကောင်းတွေဖြစ်ဖို့ ဘဝရဲ့အာမခံချက် အကောင်းစား တွေဖြစ်ဖို့လိုပါတယ်။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ဆိုတာ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် လူဖြစ်ရကျိုးနပ်ချင်တာပါ။ ပစ္စည်းဥစ္စာ၊ ဓန၊ ရာထူးဆိုတာတွေထက် အကျင့်အကြံကောင်းတွေနဲ့ ကိလေသာ အညစ်အကြေး လျော့ပါးလာတဲ့ စိတ်ထားအသစ်အသစ်တွေနဲ့အတူ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းစေမယ့် လူသစ်စိတ်သစ်ကို ဆိုလိုခြင်း ဖြစ်တယ်။

ကိလေသာဆိုတာ... ကျွန်တော်တို့လည်းမကင်းခဲ့ပါ

ကိလေသာဆိုလို့ ကိလေသာဆိုတာ အကျဉ်းအားဖြင့် ၁၀ ပါး၊ အကျယ်အားဖြင့် ၁၅၀၀ သော အကုသိုလ်အညစ်အကြေးတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ နှစ်သစ်မှာစိတ်တွေကို မပူပန်၊ မဆင်းရဲ၊ မညစ်နွမ်းစေချင်တဲ့အတွက် အညစ်အကြေးဟူသမျှ စင်ကြယ်အောင် လုပ်ရမယ့်သဘောရှိပါတယ်။ ကျွန်တော်တို့တစ်တွေ နှစ်ဟောင်းမှာ လိုချင်တပ်မက်မှုတွေနဲ့ မပြီးနိုင်မစီးနိုင် ရမ္မက်တွေများခဲ့ကြတယ်၊ ထောင်လွှားမာန်တက် အမျက်ထွက်၊ အငြင်းပွားရန်ငြိုးဖွဲ့ ခိုက်ရန်ဖြစ်နဲ့လောဘဒေါသ အတ္တအမုန်းအခြေခံသတ်ကြဖြတ်ကြနဲ့ အချိန်တွေကုန်ခဲ့ကြတယ်။ ပူပန်မှုတွေ စိတ်နှလုံးမချမ်းမြေ့ ငိုကြွေးမှုတွေနဲ့ ကင်းတဲ့အချိန်ရှိခဲ့ကြရဲ့လား၊ ကိုယ့်အလိုမလိုက် ကိုယ်သဘောမကျတိုင်း ကုန်းတိုက်စကားတွေ အမနာပသိမ်ဖျင်းစကားတွေ ပြောခဲ့ကြမှာပဲ၊ မနာလိုဝန်တို နှမြောတွန့်တိုစိတ်နဲ့ ကိုယ့်ထက်နိမ့်ကျသူ ကိုတောင် မပေးရက်မကမ်းရက် ရှိခဲ့ကြမှာပါပဲ။ ထိုင်းမှိုင်းလေးလံပျင်းတွဲတဲ့ စိတ်တွေနဲ့တွေဝေခဲ့ကြမယ်။ ကိုယ့်ထက်ကြီးသူ ပညာကြီးသူအပေါ် ရိုသေလေးစားဂါရဝတရားမရှိ အဂါရဝနဲ့မာန်တက်ဖက်ပြိုင်၊ မိမိကိုယ်မိမိ ဟုတ်လှပြီထင်၊ ပြုဖူးတဲ့ကျေးဇူးကိုဖျက် စော်ကားမိတာတွေလည်း ရှိနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်မှန်းမသိ၊ လောဘဖြစ်မှန်း မသိ၊ ဒေါသဖြစ်မှန်းမသိ ကုသိုလ်အကုသိုလ်မှန်း မခွဲခြားနိုင် မသိမိုက်မှားမှုတွေရှိခဲ့မှာပါ။

ကုသိုလ်အကုသိုလ် ခွဲခြားမသိတော့မကောင်းတာလုပ်မိလည်း မရှက်မကြောက်တော့၊ ကောင်းတာလုပ်ရမှာတော့ ရှက်ကြောက်နေပြန်... စတဲ့စတဲ့ တကယ့်အကုသိုလ်တရားဆိုးတွေနဲ့ ကိလေသာတွေ ပါပဲ၊ ပါးစပ်နဲ့ ပြောတာလည်းကံမြောက်၊ ကိုယ်နဲ့လုပ်တာလည်းကံမြောက်၊ စိတ်နဲ့တွေးတာလည်း ကံမြောက်၊ သူတစ်ပါးကို တိုက်တွန်းမိလည်း ကံကမြောက်တဲ့အတွက် မိမိရဲ့ ကိုယ် နှုတ် စိတ် ၃ ပါးမှာ ထို ထိုဒုစရိုက်တွေကနေ အကုသိုလ်ကံမမြောက်အောင် ကြိုးစားကြရအောင်လား။ ဒါဟာ အရေးကြီးပါတယ်။ အကုသိုလ်ကြောင့် ယုတ်နိမ့်တဲ့ဘဝမှာ အပါယ်ကျမှာ စိုးလို့ပါ။ ယခုလို အချိန်ရခိုက်လေး အကုသိုလ်အညစ်အကြေးဟူသမျှ သီလနဲ့လည်း ခဏတာလေးပဲဖြစ်ဖြစ် တားမြစ်ကြရအောင်၊ သမာဓိနဲ့လည်း အတော်အတန် ထိန်းချုပ်ကြည့်ရ အောင်၊ ဖြစ်နိုင်ရင် ပညာနဲ့ဝီရိယစိုက်ပြီး အပြီး ပယ်သတ်နိုင်အောင် ကြိုးစားကြည့်စို့လား။

ကိလေသာလျော့စေသည့် ဘာဝနာအကျိုးများ

အားလုံးသိကြတဲ့အတိုင်း မျက်မှောက်ကမ္ဘာကြီးက ဘယ်မှာငြိမ်းချမ်းနေလို့လဲ၊၊ ကျွန်တော်တို့အားလုံး ကိလေသာစေစားရာနောက် တကောက်ကောက်လိုက် သတိလက်လွတ်ဖြစ်မှန်းမသိ ဖြစ်နေကြရတယ်။ မေတ္တာတရား ကရုဏာတရား မုဒိတာဥပေက္ခာတရားတွေ အနိမ့်ဆုံးရောက်နေတဲ့ အခြေအနေမှာလောဘကြောင့် အငတ်ဘေး၊ ဒေါသကြောင့် စစ်မက်ဘေး၊ မောဟကြောင့်ရောဂါဘေးတို့ ဆိုက်နေရပြီး လူသားတွေရဲ့ အကျိုးစီးပွားတွေလည်း ပျက်စီးကြရတယ်၊၊ ကိုယ်ကျိုးအလွန်များပြီး သူ့အကျိုးပျက်စီးပါစေ စိတ်ထားတွေများနေကြပြီ။ ဒါကြောင့်လည်း ဘယ်သူမပြုမိမိမှုဆိုသလို ဘေးရန်အမျိုးမျိုး အနှောင့်အယှက် အဖျက်တွေကတစ်ဆင့် ကိုယ်မကျန်းမာခြင်း၊ စိတ်မချမ်းသာခြင်းများဖြစ်ပြီး ဆင်းရဲပူပန်ခြင်းများ ဖြစ်နေကြတာပေါ့။ ဒါကြောင့်ဒီအချိန်လေးတစ်ခုဟာ အချိန်ကောင်းတစ်ခုလို့ ဆိုရခြင်းဖြစ်ပါတယ်၊၊

ဒါန သီလဘာဝနာ ကုသိုလ်အရာသုံးမျိုးမှာ ဒါနနဲ့ သီလက အချိန်တော်တော်များများမှာ အနည်းနဲ့အများ ပြုဖြစ်ကြပေမယ့် ဘာဝနာအလုပ်ကတော့ ကျင့်နိုင်ခဲလှတယ်။ နည်းစနစ်မှန်မှန်နဲ့ စနစ်တကျသင်ယူပြီး လက်တွေ့ကျင့်ကြံဖို့ မိမိတို့ပိုင်ဆိုင်တဲ့အချိန်ကောင်းတစ်ခုကို မလွတ်တမ်းအသုံးချပြီး သာသနာပြုကြရအောင်ပါ။ သင့်တော်ရာနေရာဒေသ တစ်ခုမှာသူလိုကိုယ်လို သာသနာ့နွယ်ဝင် သူတော်စင်များနဲ့ တွေ့ဆုံရခြင်းဟာ တကယ့်အခွင့် အလမ်းကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကိလေသာထူပြောရာ ဝန်းကျင်ကိုခဏတာဖယ်ခွာ၊ ထိုအရပ်မှာတရားသိတဲ့ ဓမ္မမိတ်ဆွေအချင်းချင်း အပြန်အလှန်အထောက်အပံ့ပြုခြင်းဖြင့်  ညီညွတ်သော၊ အားကောင်းသော အကြောင်းတရားတို့ ဆုံသလိုဖြစ်သွားတယ်။ တချို့ကလျာဏမိတ္တတွေ များဆို မမြဲခြင်း၊ အားလုံးဆင်းရဲခြင်းဆိုတဲ့ အစိုးမရ သဘောတွေကို သိလိုက်ရလို့ စက္ကန့်မလပ် အိုခြင်း၊ နာခြင်း၊ သေခြင်းတရားတွေကို ကောင်းစွာနားလည် လိုက်တဲ့အကျိုးကျေးဇူး ရသွားကြတယ်လို့တောင် ခံစားမိတယ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး တန်ဖိုးကိုလည်း ယခင်ကထက် ပိုပြီးကြည်ညိုလာပြီး သဒ္ဓါတရားတိုးပွားလာတယ်ဆိုတာလည်း အမှန်ပါ ပဲ။ ကံ ကံရဲ့အကျိုးကိုလည်း ပိုပြီးနားလည်လာရ တယ်။ အရေးကြီးဆုံးဖြစ်တဲ့ “သတိ” ဆိုတဲ့ အကျိုး တရားကို ရလိုက်ခြင်းဟာ တန်ဖိုးအရှိဆုံးပါပဲ။ မျက်စေ့နဲ့မြင်မြင်ချင်း၊ နားနဲ့ကြားကြားချင်း၊ အနံ့ တစ်ခုရတဲ့အခိုက်၊ လျှာမှာအရသာဖြစ်ခိုက်၊ ကိုယ်မှာထိမိခိုက်လေး၊ လောဘဖြစ်ဖြစ်ချင်း၊ ဒေါသ ထွက်ထွက်ချင်း၊ စိတ်ထဲတွေးတွေးမိချင်း ခဏလေးတစ်ချက်မှာပဲ သိလိုက်ခြင်းဟာ သတိဆိုတဲ့တရားကြောင့်ပါ။ အားကောင်းတဲ့ သဒ္ဓါတရားဝီရိယတို့ကတော့ ဘေးကခြံရံပေးဖို့လိုတာပေါ့။ သတိဝီရိယအား နဲ့ သမာဓိလည်းခိုင်ရင် ပညာလည်းနိုင်လာပါလိမ့်မယ်။ ထိုရလဒ်တွေသည် ဘာဝနာတရားရဲ့ အကျိုးကျေးဇူးတွေပါပဲ။

ကိုယ်ပြုသမျှ ကိုယ်ပြန်ရတဲ့ လောကီမဂ္ဂင်တရား

ဒါကြောင့် ကုသိုလ်အကျိုးများရလေအောင် အချိန်ရှိခိုက် လုံ့လစိုက် ကိုယ်တိုင်ပြုဖြစ်ကြခြင်းဖြင့် အချင်းချင်းအထောက်အကူပြုကြပါစို့ဟု တိုက်တွန်းပါရစေ။ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် နားလည်သိရှိထားသမျှကို ကိုယ်တိုင်လုပ် ကြည့်တော့လည်း ပညာပိုဖြစ်တာပေါ့။ ဝီရိယထားပြီး ကုသိုလ်ဆောင်နေခိုက်ဟာ တခြားသောအချိန်တွေနဲ့ မတူတာတော့ သတိထားမိပါလိမ့်မယ်။

ဘုရားရိပ်၊ တရားရိပ်မှာ အတိတ်ကအခြေအနေတွေနဲ့ လည်း သတိရှိမှုအပေါ် မူတည်ပြီး ကွာခြားမှုရှိသွားပါတယ်။ လောဘတို့၊ ဒေါသတို့၊ ဣဿာမစ္ဆရိယတို့ နည်းနေတဲ့ ဝန်းကျင်တစ်ခုမှာ အာရုံအများစုဟာ ကုသိုလ်အာရုံတွေပဲ ဖြစ်ပါတယ်။ ဒီကောင်းတဲ့ အာရုံတွေအပေါ်မှာပဲ စိတ်ကို တင်တင်ပေးနေရတာ၊ ဆင်ခြင်နေရတာကိုက သမ္မာသင်္ကပ္ပဖြစ်နေပါပြီ၊ အာရုံကိုအမှန်သိ ဉာဏ်ပွင့်လာတော့ သမ္မာဒိဋ္ဌိဖြစ်တာပေါ့၊ စူးစူးစိုက်စိုက်နဲ့ စိတ်ကတည်ကြည်လာ တဲ့အခါ သမာဓိ၊ ကြိုးစားအားထုတ်မှု ဝီရိယနဲ့အတူ စိတ်တွေမပျံ့လွင့်အောင် ဒီကုသိုလ်အာရုံမှာပဲထား နေရတော့ သမ္မာသတိ ဖြစ်နေပြီ၊ ကြိုတင်ဆောက်တည်ထားတဲ့ သီလမဂ္ဂင်သုံးပါးနဲ့ဆို မဂ္ဂင် ၈ ပါး၊ လောကီအလုပ်မဂ္ဂင် ၈ ပါးရပြီပဲ။ အာရုံနောက်က ကပ်ပါလာတဲ့ကုသိုလ် အကုသိုလ်သဘောတွေကို မှတ်ခွင့်သိခွင့်ရခြင်းဟာ နည်းတဲ့အကျိုးကျေးဇူးတွေ မဟုတ်ပါလား။ ယခင်က အကုသိုလ်ဖြစ်ရင် မကြိုက်ချင်ဘူး၊ ယခုတော့ အကုသိုလ်ဖြစ်ရင်လည်း ကြိုက်တတ်လာပြီ၊ ဘာကြောင့်လဲဆိုတော့ ဖြစ်တာနဲ့ချက်ချင်းသိလို့ ...။ သတိကြောင့်၊ သိလိုက်တာနဲ့ ကုသိုလ်ဖြစ်သွားပြီလေ။ လောဘရဲ့သဘော၊ ဒေါသရဲ့သဘော၊ မောဟရဲ့သဘောကို ပိုပြီးသိလာရပြီ၊ ဘာလုပ်လုပ်ဘာဖြစ်ဖြစ် သိနေတော့မှာ၊ ဒါဟာထပ်ကာထပ်ကာ လေ့ကျင့်ခြင်းရဲ့ ကောင်းခြင်းတွေပါပဲ။ ယခုလို ကုသိုလ်ကံမြောက်တဲ့ ကြိုးစား အားထုတ်မှုမျိုးကို သာသနာနဲ့ကြုံခိုက်မှသာ ရနိုင်တဲ့အတွက် ကိုယ်ပြုသမျှကိုယ်ပြန်ရမယ့် အကျိုး ကျေးဇူးကို မလွတ်တမ်း အသုံးချသင့်ပါတယ်။

သင်လည်းသင် ကျင့်လည်းကျင့် အသုံးကျအောင် အသုံးလည်းချ

ကြိုးစားအားထုတ်မှုကြောင့် ရခဲလှတဲ့လူ့ဘဝ ဆိုတာ ကျန်တာတွေက အပါယ်ဘုံ ရောက်တာများ ခြင်းကို ဆိုလိုပါတယ်။ သံသရာမှာ အထက်ရောက် လိုက်၊ အောက်ရောက်လိုက်နဲ့ အကြောင်းအကျိုး၊ အကောင်းအဆိုးကို မသိခဲ့ကြလို့ပါ။ ကြောက်စရာ ကောင်းတာကို သိသွားတဲ့အခါ ငါတို့မှာ မသေမချာ နေရမယ့်အချိန်ဆိုတာ ခန့်မှန်းလို့ မရပါလား၊ ဒါကြောင့် ရနေတဲ့လက်ရှိအချိန်ကို အကောင်းဆုံး အကျိုးဖြစ်အောင် အသုံးချကြစို့လားဟူ၍ အချင်းချင်း တိုက်တွန်းမိတတ်ကြတယ်။ သာသနာနဲ့ကြုံခိုက်မှာ သာသနာရဲ့အဆုံးအမနဲ့အညီ သဘာဝရဲ့ အမှန်တရားတွေကို ဉာဏ်မီတဲ့ပုဂ္ဂိုလ်တွေကတစ်ဆင့် လက်တွေ့လိုက်နာကျင့်ကြံ အားထုတ်နိုင်တာသည် တရားစခန်းမှာပဲ ရနိုင်တယ်၊ ထပ်ကာထပ်ကာပွားဖြစ်တာကလည်း ယခုလို ရက်ရှည်ရုံးပိတ်ခိုက်လေးမှာသာ ရနိုင်တယ်လို့ ယူဆတဲ့အတွက် အချိန်ကောင်း နေရာကောင်းကို  လက်မလွှတ်သင့်ပါ။ ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်ရင် ကျွန်တော်တို့ဟာ ပုထုဇဉ်ဆိုတဲ့ အကုသိုလ်အတုံးအခဲကြီးဘဝမှာသာ ရှိပါသေးတယ်။ ဒုက္ခသည် အကြီးစားအဆင့်မှာ ပညာဉာဏ်ရဖို့ရာက အခွင့်အခါသင့်မှသာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ဟာ တရားကို သင်သင့်တယ်၊ နာသင့်ပါတယ်၊ ခန္ဓာအကြောင်း နားလည် အောင်သင်ပြီး ကျင့်လည်းကျင့်၊ အသုံးလည်းချသင့်တယ်၊ ခန္ဓာအကြောင်း တရားအကြောင်းမသိတဲ့အခါ ဒီခန္ဓာကြီးကို အဟုတ်ထင်ပြီး စွဲမိနေကြတာ ကျွန်တော်တို့အားလုံးပဲ၊ တကယ်တော့ မိမိရဲ့အတ္တကြောင့်သာ စွဲနေတာဖြစ်ကြောင်း ဉာဏ်နဲ့ယှဉ်ပြီး သိလာအောင် ကြိုးစားနိုင်ကြရင် အကောင်းဆုံးပါ ပဲ။ ဉာဏ်မမီသေးတဲ့အတွက် ခပ်ခွင့်ရတုန်း ခပ်ထားမယ်၊ မပြည့်သေးရင် ပြည့်အောင်ဖြည့်ကြမယ်၊ သုံးလည်းသုံးပြီး အသုံးချကြမယ်ဆိုရင် တစ်ဆင့်ပြီးတစ်ဆင့်အသုံးကျပြီး ဉာဏ်မီတဲ့ကလျာဏမိတ္တတွေ ဖြစ်လာကြမှာပါလို့ အားပေးချင်ပါတယ်။

ဒါကြောင့် ထပ်ပြီးသတိပေး မျှဝေချင်တာတစ်ခု က အချိန်တိုင်းဟာ တန်ဖိုးရှိနေတယ် ဆိုတာပါပဲ။ အထူးသဖြင့် ယခုလိုကာလမျိုးမှာ စက္ကန့်တိုင်းကိုတန်ဖိုးရှိရှိ အသုံးချစေချင်ပါတယ်။ ဗုဒ္ဓဘာသာဝင် တွေဖြစ်တဲ့အတွက် ပါးစပ်ပြောနဲ့ ကြားဖူးနားဝ ကိုယ့်ကိုယ်ကိုယ် မသေနိုင်ဟုလည်းမထင်၊ မြဲတယ်ရယ်လို့လည်း မထင်ကြပါဘူး။ ဒါပေမယ့် မမြဲတဲ့ သဘော၊ အစိုးမရတဲ့သဘောကို တကယ်တမ်း ရင်ဆိုင်လာရတဲ့အခါမှာတော့ သူသူကိုယ်ကိုယ် ထိတ်လန့်မိတတ်ကြမှာပါ။ ဒီလို မရဏသဘောလေးကို အဖန်တလဲလဲ နှလုံးသွင်းခြင်းဟာ ကုသိုလ်တွေ ထပ်ကာထပ်ကာရနေခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ရှာနေရုံနဲ့မပြီး သုံးလည်းသုံးကြပါလို့ ဆရာတော်ကြီး တွေ၊ ဆရာ ဆရာမတွေက ဆုံးမကြခြင်းဖြစ်ပါတယ်။ တကယ်တမ်း တရားမြင်လာတဲ့အခါ တရားရှင်ဖြစ်တဲ့ မြတ်စွာဘုရားကိုလည်း ကြည်ညိုပြီးရင်းကြည်ညို ကျေးဇူးရှင်အဖြစ်လည်း ကျေးဇူးဆပ်ချင်လာပါ လိမ့်မယ်။ ယခုလို အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင် လာနိုင်လျှင်ပဲ မြတ်စွာဘုရားကို ကျေးဇူးဆပ်ရာ ရောက်နေပါပြီ။ ဤသို့ဖြင့် အပါယ်ဘုံဘဝမရောက်စေ မယ့် သေချာတဲ့လမ်းကြောင်းမှာ လျှောက်လှမ်းနိုင် အောင်၊ ရလာတဲ့အချိန်ခဏလေးမှာ ကိုယ်ကစပြီး ကုသိုလ်အကျိုးပွားများလျက် ပတ်ဝန်းကျင်မှာ လည်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ရလေအောင်၊ သာသနာရဲ့အဆုံးအမတွေလည်း မပျောက်မကွယ် တည်တံ့နေအောင် အတူတကွ ကြိုးစားအားထုတ် ကြရန်သာ ဒီစာနဲ့ ဓမ္မဒါနပြုလိုက်ရခြင်း ဖြစ်ပါတယ်။ ။