နှစ်ပတ်ကြာ ယာယီပိတ်ထားသော ကျောက်ပန်းတောင်း မြို့မစည်ပင်သာယာဈေးကြီး၌ စားသောက်ကုန်နှင့် ဆေးဝါးအရောင်းဆိုင်များ ပြန်လည်ဖွင့်လှစ်

ကျောက်ပန်းတောင်း၊  ၂၃  ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ပန်းတောင်းမြို့တွင်  ရက်သတ္တနှစ်ပတ်ကြာ  ယာယီပိတ်သိမ်းထားသည့်   မြို့မ စည်ပင်သာယာဈေးကြီးတွင် စားသောက်ကုန်နှင့် ဆေးဝါးအရောင်းဆိုင်ခန်းများနှင့် အနီးဝန်းကျင်ရှိလမ်းများမှ ဈေးဆိုင်များအား ဇန်နဝါရီ ၂၃ ရက်နေ့တွင်  ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပေးခဲ့ကြောင်း သိရပြီး၊ အဆိုပါဈေး စတင်ဖွင့်လှစ်သည့်နေ့မှာပင် လွတ်လပ်ရေးရပ်ကွက် မုဒိတာလူမှုရေးအသင်းက Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့မ စည်ပင်သာယာဈေးကြီးကို ဈေးအတွင်းမှ အနံ့ပျောက် ကိုဗစ်-၁၉ ပိုးတွေ့လူနာအချို့ စစ်ဆေးတွေ့ရှိလာရသဖြင့်၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်စေရန်အတွက် ရက်သတ္တ နှစ်ပတ်ကြာ ယာယီပိတ်သိမ်းထားခဲ့ရာမှ၊ ဇန်နဝါရီ ၂၂ ရက်နေ့တွင်ပြုလုပ်သော ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်  တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး၊ ပျံကျဈေးတန်းကို ဆက်လက်ပိတ်သိမ်းထားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မြို့မစည်ပင်သာယာဈေးကြီး တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်သည့် နေ့မှာပင် ဈေးသည်/ ဈေးဝယ်များကို ကျန်းမာရေးဆိုင်ရာ အသိပညာပေးသည့် အနေဖြင့် လွတ်လပ်ရေးရပ်ကွက် မုဒိတာလူမှုရေး အသင်းက လူငယ်များစုပေါင်း၍ Face Mask ဘူး ၅၀ အခုရေ ၂၅၀၀ နှင့် မီးအိမ်ရှင်လေးများအဖွဲ့မှ လှူဒါန်းသည့် Hand Gel ဘူးသေး ၆၂၅ ဘူး တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ကြရန်နှင့် လူစုလူဝေး ရှောင်ကြဉ်ကြရန်၊ အပြင်က ပြန်လာတိုင်း လက်ကို ဆပ်ပြာဖြင့် မိနစ် ၂၀ ကြာဆေးကြောကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)