ရန်ကုန် ၇ အောက်တိုဘာ
အနာဂတ်ခေါင်းဆောင် ကျောင်းသားလူငယ်များရှိရာ စာသင်ခန်းများဆီသို့ နှစ်ပေါင်း(၃၆)နှစ် ဆက်တိုက် မပျက်မကွက်လာရောက် စာသင်ခဲ့သည့် ဆရာမကြီး တစ်ဦးအပါအဝင် ဆရာမကြီး(၆)ဦးကို နိုင်ငံတော်(ပညာရေးဝန်ကြီးဌာန)က ကျောင်းတက်မပျက်ဆုများ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်း က သိရှိရသည်။
ဆုရသူများမှာ (၃၆)နှစ် ကျောင်းတက်မပျက်သည့် ဆရာမဒေါ်စောနန်းမိုမို( TTC ကမာရွတ်) ၊ (၃၄)နှစ် ကျောင်း တက်မပျက်သည့် ဆရာမဒေါ်ခင်သန်းဌေး(အမက-၁၇ ၊ မြောက်ဥက္ကလာ) ၊ (၃၃)နှစ် ကျောင်းတက်မပျက်သည့် ဆရာမ ဒေါ်စန်း စန်းမော်(အထက-၃ ၊အင်းစိန်) ၊ (၃၁)နှစ် ကျောင်းတက်မပျက်သည့် ဆရာမဒေါ်ဝင်းမာ(အမက-၁ ၊လသာ) ၊ (၂၆)နှစ် ကျောင်း တက်မပျက်သည့် ဆရာမဒေါ်စန်းစန်းဝင်း(အလက-၁၀၊အင်းစိန်) နှင့် (၂၅)နှစ် ကျောင်းတက်မပျက်သည့် ဆရာမဒေါ်နုနုဆွေ (ထခွဲ ၊ အလက(၆)လှိုင်) တို့ဖြစ်သည်။
“ဆုအတွက်ရည်ရွယ်ပြီး လုပ်ခဲ့ကြတာတော့မဟုတ်ပါဘူး။ ဆရာတစ်ယောက်ရဲ့ ဘဝမှာ ကိုယ့်ကျန်းမာရေး ကိုယ် ဂရုစိုက်တယ်။ အလုပ်ပေါ်မှာ ၊ ကလေးတွေ အပေါ်မှာ စေတနာထားတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း စာနာစိတ်ထား တယ်။ ကိုယ်ကျောင်းတစ်ရက်ပျက်လိုက်ရင် ကလေးတွေအတွက် လိုအပ်ချက်တွေဖြစ်သွားမှာ ၊ တစ်ခြားဆရာတွေ ဝန်ပိသွားမှာ စိုးတဲ့အတွက် ကျောင်းတက်ရက်မပျက်အောင် ဒီအချိန်ထိ ကြိုးစားဖြစ်ခဲ့တာပါ ” ဟု ၃၆ နှစ်တိုင် ကျောင်းတက်မပျက်သည့် ဆရာမကြီးဒေါ်စောနန်းမိုမို က ပြောပြသည်။
ကပ်ရောဂါကာလဖြစ်သည့်အတွက် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို အောက်တိုဘာ ၅ရက်နေ့က Zoom Meeting ဖြင့် ကျင်းပခဲ့ပြီး ပညာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နှင့် ဂုဏ်ထူးဆောင် ဆရာကြီး ၊ ဆရာမကြီးများ ၊ ဆုရဆရာမကြီးများ ၊ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြသည်။
“ဒီတစ်ကြိမ်နဲ့ဆို ကျောက်တက်မပျက်ဆုရတာ (၄)ကြိမ်မြောက် ရှိပါပြီ။ ကပ်ရောဂါကာလဆိုတော့ ကမ္ဘာ့ဆရာ များနေ့ကို ကျင်းပဖြစ်မယ်လို့ ထင်မထားပါဘူး။ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ဆရာတွေအပေါ်မှာ အလေးအနက် တန်ဖိုး ထားတဲ့အတွက် ဝမ်းမြောက်ကျေနပ်မိပါတယ် ” ဟု ၃၄ နှစ်တိုင် ကျောင်းတက်မပျက်ခဲ့သည့် အလယ်တန်းပြ ဆရာမဒေါ်ခင် သန်းဌေး က ပြောသည်။
ကျောက်တက်ရက်မပျက် ဆုရရှိသည့်ဆရာမကြီးများအား တစ်ဦးလျင် ဆုကြေးငွေငါးသိန်းကျပ်စီကို ပညာရေး ဝန်ကြီးဌာနက အိမ်တိုင်ယာရောက်ပို့ဆောင်ပေးခဲ့ကြောင်း ၊ ဂုဏ်ပြုမှတ်တမ်းများလည်း ထပ်မံပေးပို့သွားမည်ဟု ပြောကြောင်း ဆုရဆရာမကြီးများထံက သိရှိရသည်။
ဇေယျတု(မကွေး)


