နှစ်နိုင်ငံအကျိုးစီးပွား မြှင့်တင်ဖော်ဆောင်  

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်အာခါ မိုဟာဆီနာ ပါတိုင်းတဲ့ချိုဟွန်ဆင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်နေသည်။

ဧပြီလ ၂၄ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတတို့ ဦးဆောင်သည့် နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့ဝင်များ နှစ်နိုင်ငံ အကျိုးစီးပွားများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ မြန်မာနှင့် တရုတ်နိုင်ငံတို့သည် အိမ်နီးချင်း နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များသာမက နှစ်နိုင်ငံပြည်သူများမှာ ဆွေမျိုးပေါက်ဖော်များသဖွယ် ရင်းနှီးချစ်ကြည် ဆက်ဆံကြပြီး နှစ်နိုင်ငံ အကျိုးစီးပွားများကို အစဉ်အဆက် မျှဝေခံစားကြသည်။

ယခု နှစ်နိုင်ငံဆွေးနွေးပွဲတွင် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ အဆိုပါ အစီအစဉ်အောက်မှ နှစ်နိုင်ငံပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေးနှင့် အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန် ဆွေးနွေးကြသည်။ အဆိုပါ အစီအစဉ်ကို ဆောင်ရွက်ရာတွင် နှစ်ဖက် အကျိုးစီးပွားအတွက် မျှမျှတတဖြစ်အောင် မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ်ဆောင်ရွက်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်နှင့်အညီ ဆောင်ရွက်သွားရေးတို့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားထားသည်။

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းမှာ ကမ္ဘာ့နိုင်ငံ ၆၀ ကျော် ပါဝင်ပတ်သက်လျက်ရှိပြီး အခြေခံ အဆောက်အအုံ၊ ဆက်သွယ်ရေးသာမက ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မည့် ကျယ်ပြန့်သော အစီအစဉ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံသည် ပထဝီ အနေအထားအရ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် မဟာဗျူဟာကျသည့်နေရာ၌ တည်ရှိနေသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာနိုင်ငံ အကျိုးစီးပွားအတွက်သာမက ဒေသအတွက်ပါ အကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းများ ရှိနေသည်။

စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ရာ၌ ပြည်သူများအတွက် ရေတိုအကျိုးဖြစ်ထွန်းရေးသာမက ရေရှည်အကျိုးကိုပါ ရှုထောင့် အမျိုးမျိုးမှ လေ့လာစိစစ် ဆောင်ရွက်သွားရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်တွင် ဆောင်ရွက်မည့် စီမံကိန်းများသည် မိမိတို့နိုင်ငံ၏ အမျိုးသားစီမံကိန်းများ၊ မူဝါဒများ၊ ပြည်တွင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်လျောညီထွေမှုရှိရေး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း ဦးဆောင်ကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားထားရာ အကျိုးစီးပွားဖြစ်ထွန်းစေမည့် အစီအစဉ်အဖြစ် ရှုမြင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ခေါင်းဆောင်များ ထိတွေ့ဆက်ဆံမှုသည် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်အစိုးရမှ ဆက်လက်အကူအညီပေးရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများအတွက် အလားအလာကောင်းများ ဖြစ်ထွန်းစေပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံခရီးစဉ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်မြောက်မည့် လာမည့် ၂၀၂၀ ပြည့်နှစ်၌ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံမြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများအတွက် မြန်မာအစိုးရအား ယွမ်သန်း ၁၀ဝဝ အကူအညီ အထောက်အပံ့ပေးမည့် ကိစ္စရပ်များကိုပါ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံခရီးစဉ်သည် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အကျိုးစီးပွား ဖြစ်ထွန်းမှုကို ရှေးရှုသည်ဖြစ်ရာ နှစ်ဖက်အကျိုးစီးပွားမျှတစွာဖြင့် ရေတို၊ ရေရှည်အကျိုး ဖြစ်ထွန်းရေးကို ဆွေးနွေးဆောင်ရွက် ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။