နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ပြေးဆွဲမှုတိုးချဲ့ရန် အစ္စရေးနှင့် အီဂျစ်တို့ သဘောတူညီ

ဂျေရုဆလင် မတ် ၁၇

 

အစ္စရေးနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲမှုကို တိုးချဲ့ရန် သဘောတူညီခဲ့ပြီး တဲလ်အဗစ်မြို့နှင့် ရှမ်အီလ်ရှိတ်ခ်မြို့တို့အကြား တိုက်ရိုက်လေကြောင်း လိုင်းသစ်ပြေးဆွဲမှုကို မကြာမီကာကအတွင်း စတင်ရန် သဘောတူညီခဲ့ကြောင်း အစ္စရေးနိုင်ငံက မတ် ၁၆ ရက်တွင် ပြောကြားသည်။

 

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့အပြင်ဘက်ရှိ ဘင်ဂူရီအွန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ် ရှိ ရှမ်အီလ်ရှိတ်ခ်မြို့တို့အကြား ပြေးဆွဲမည့် အဆိုပါတိုက်ရိုက်လေကြောင်း လိုင်းသစ်ပြေးဆွဲမှုကို ဧပြီလအတွင်း စတင်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်နက်၏ ရုံးကထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

 

အဆိုပါ နှစ်နိုင်ငံတိုက်ရိုက်လေကြောင်းလိုင်းသစ် ပြေးဆွဲမှုဆိုင်ရာ သဘောတူညီချက်အပေါ် ကြိုဆိုကြောင်းနှင့် ယင်းသဘောတူညီချက်သည် အစ္စရေးနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့အကြား ဆက်ဆံရေးများကို ပိုမိုနွေးထွေးစေမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် နက်ဖ်တာလီဘန်နက်က ပြောကြားသည်။

 

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သို့ အီဂျစ်အဲလ် လေကြောင်းလိုင်းစတင်ပြေးဆွဲခဲ့ပြီး နောက်တစ်လ ဖြစ်သော ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက အစ္စရေးဝန်ကြီးချုပ်နှင့် အီဂျစ်သမ္မတ အယ်လ်စီစီတို့အကြား ပြုလုပ်သည့် အစည်းအဝေးတွင် ယခုကဲ့သို့နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်းသစ် တိုးချဲ့မှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်