နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မယ်စဲ့ဘီပီ (၁၃)နယ်စပ်ဂိတ်သို့ လေ့လာ

မယ်စဲ့ ၅ စက်တင်ဘာ  

 

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်သည် ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်ပြီး မယ်စဲ့ဘီပီ(၁၃) နယ်စပ်ဂိတ်အား အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် ဖွင့်လှစ်ပြီးပါက နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမည့် အခြေအနေနှင့် ဒေသထွက်ကုန် ပစ္စည်းများကို Value Added Product များ ပြုလုပ် နိုင်ရေးအတွက် ခရီးသွားအကြံပေး ဒါရိုက်တာ ကြည်ဖြူသျှင်၊ Organic ပညာရှင် ဒေါ်ငြိမ်းငြိမ်းအိ တို့နှင့်အတူ ကယားပြည်နယ် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်၊ ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်နှင့် အဖွဲ့သည် သြဂုတ် ၄ ရက် မွန်းလွဲ ၁ နာရီခွဲက မယ်စဲ့မြို့ ဘီပီ(၁၃)နယ်စပ်ဂိတ် (ဟွေတနွန်)သို့ သွားရောက်လေ့လာ ခဲ့ကြောင်း သိရသည်။

 

မယ်စဲ့မြို့နယ်သို့ လာရောက်လေ့လာခြင်းနှင့် ပတ်သက်၍ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က "အဓိက ကတော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ဖို့ရယ်၊ အော်ဂဲနစ်စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းတွေအနေနဲ့ ဆေးဘက်ဝင် အပင်ကနေ Custamatic လုပ်ဖို့နဲ့ ဒေသထွက် ကုန်ပစ္စည်းတွေကို Value Added ဖြစ်အောင် လုပ်ဖို့ရယ်၊ ဆက်လက်ပြီး မယ်စဲ့နယ်စပ် ဖွင့်လှစ်ရင် ဘယ်လိုတိုးတက်လာနိုင်မလဲ၊ ခရီးသွားလုပ်ငန်းတွေ ဘယ်လိုဖြစ်လာမလဲ၊ နောက်ဒီဒေသမှာရှိတဲ့ ထွက်ကုန်တွေကို ဘယ်လို Value Added လုပ်နိုင်မလဲဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လာရောက်လေ့လာခြင်းဖြစ်တယ်"ဟု ပြော သည်။

 

"အခုဘီပီ(၁၃)နယ်စပ်ဂိတ်ဟာ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် မဖြစ်သေးတဲ့အတွက် ပြည်နယ်ဝန်ကြီးချုပ်နဲ့ မယ်ဟောင်ဆောင်ခရိုင်ဝန်တို့ရဲ့ သဘောတူညီမှုနဲ့ (Sister City) လက်မှတ်ရေးထိုးထားတာကြောင့် ဟိုဘက် ပြည်နယ်၊ ဒီဘက်ပြည်နယ် နှစ်နိုင်ငံ ချစ်ကြည်ရေးအရ သွားရောက် လည်ပတ်လို့ရတယ်။ မြန်မာနိုင်ငံသားတွေ သွားလည်ချင်ရင် မယ်ဟောင်ဆောင်၊ ပိုင်မြို့အထိ သွားရောက်လည်ပတ်လို့ရပြီး ထိုင်းနိုင်ငံဘက်မှ လာလည်ချင်ရင် ကယားပြည်နယ်အတွင်း လွိုင်ကော်အထိ လာရောက်လည်ပတ်လို့ရပါတယ်။ ပြည်နယ်အတွင်း လာလည်ချင်ရင် ပြည်နယ်အစိုးရအဖွဲ့ကို နှစ်ပတ်ကြိုတင်ပြီး ခရီးသွားကုမ္ပဏီဖြစ်ဖြစ်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနကိုဖြစ်ဖြစ် ချိတ်ဆက်ဆောင်ရွက်နိုင်တယ်"ဟု ဦးလင်းဇော်ထွဋ်က ဆက်လက်ပြောကြား သည်။

 

အဆိုပါအဖွဲ့သည် ကယားပြည်နယ်အတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အချက်အလက်များကို လာရောက်လေ့လာခြင်း၊ ကယားပြည်နယ်၏ အကြောင်းကို Documentary ရိုက်ကူးပြီး ကမ္ဘာကသိအောင် ကြေငြာခြင်းဖြင့် ကယားပြည်နယ်ကို ပြည်တွင်းပြည်ပမှ ခရီးသွားများ သိရှိလာစေပြီး အော်ဂဲနစ် သီးပင်စားပင်များမှ Value Added Product များ ပြုလုပ်နိုင်ရေး လိုအပ်သည့် နည်းပညာများ ပံ့ပိုးပေးသွားရန် လာရောက်လေ့လာခြင်း ဖြစ်ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)