နှစ်ဆင့်ခံဆေးလိပ်ငွေ့ (Thirdhand Smoke)

၂၁  အောက်တိုဘာ

အခုပြောပြမယ့် အကြောင်းအရာက သိပ်ပြီး ရင်းနှီးကျွမ်းတဝင်မရှိပေမယ့် သိထားတာက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အကြောင်းအရင်းလေးပြောပြပေးချင်ပါတယ်။ ဒါကတော့ နှစ်ဆင့်ခံဆေးလိပ်ငွေ့ အကြောင်းပါ။

နှစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာ

နှစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာက ဆေးလိပ်ငွေ့တွေက ထိတွေ့ထားတဲ့ မျက်နှာပြင်မှာ ကြွင်းကျန်နေတဲ့ ဆေးလိပ်ငွေ့တွေပါ။ သူများကမှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ကို ရှုရှိုက်မိတာက တဆင့်ခံဆေးလိပ်ငွေ့ပါ။ ဒီဆေးလိပ်ငွေ့တွေ က အဝတ်အစားတွေ အသုံးအဆောင်တွေမှာ ကပ်ငြိကျန်နေတာက နှစ်ဆင့်ခံ ဆေးလိပ်ငွေ့ပါ။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာက နီကိုတင်း အကြွင်းအကျန်တွေပါ။

ဘယ်လိုနေရာတွေမှာ တွေ့နိုင်မလဲ…………………

နှစ်ဆင့်ခံဆေးလိပ်ငွေ့တွေကို ဒီနေရာတွေမှာတွေ့ရနိုင်ပါတယ်။

အဝတ်အစားတွေ

ကြမ်းခင်းတွေ

ပရိဘောဂတွေ

အရုပ်တွေ

ကားတွေ

နံရံတွေ နဲ့

အသုံးအဆောင်တွေမှာ အများဆုံးတွေ့ရနိုင်ပါတယ်။

နှစ်ဆင့်ခံဆေးလိပ်ငွေ့တွေဟာ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေနဲ့ ပေါင်းစပ်ထိတွေ့မိတဲ့အခါ အဆိပ်အတောက်တွေဖြစ်သွားပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့လည်း ကိုယ်တိုင်ဆေးလိပ်သောက်သလောက်နီးပါး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်နှစ်ဆင့်ခံဆေးလိပ်ငွေ့ကိုလည်း ကာကွယ်ဖို့လိုပါမယ်။

နှစ်ဆင့်ခံဆေးလိပ်ငွေ့က ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ………..

ဆေးလိပ်သောက်သုံးမှုကတင် ကျန်းမာရေးကို ထိခိုက်စေနိုင်တာမဟုတ်ပါဘူး။ တဆင့်ခံဆေးလိပ်ငွေ့တွေ။ နှစ်ဆင့်ခံဆေးလိပ်ငွေ့တွေကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့က အရွယ်မရွေးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတာကြောင့်

ကလေးငယ်တွေမှာ

ပန်းနာရင်ကြပ်ရောဂါ

နားပိုးဝင်ကူးစက်တာ

မကြာခဏဖျားနာတာ

ဦးနှောက်အမြှေးရောင်ရောဂါ တွေကို ခံစားရနိုင်ပါတယ်။

မွေးကင်းစ ကလေးငယ်လေးတွေမှာ

မွေးကင်းစအရွယ်ကလေးငယ် ရုတ်တရက်သေဆုံးတာ

မကြာခဏဖျားနာတာ

အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေခံစားရနိုင်ပါတယ်။

အရွယ်ရောက်ပြီးသူတွေမှာ

DNA (မျိုးဗီဇ)တွေ ပျက်စီးစေနိုင်တယ်

ဆီးအိမ်ကင်ဆာ

သားအိမ်ခေါင်းကင်ဆာ

ကျောက်ကပ်ကင်ဆာ

ခံတွင်းကင်ဆာ

ပန်ကရိယကင်ဆာ

လည်ချောင်းကင်ဆာ

အဆုတ်ကင်ဆာရောဂါတွေခံစားရစေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ……….

နှစ်ဆင့်ခံဆေးလိပ်ငွေ့ ထိတွေ့မိနိုင်ခြေနည်းစေဖို့

အဝတ်အစားတွေကိုလျှော်ပစ်ပါ

အိပ်ရာခင်းတွေ၊ ခြင်ထောင်တွေကို ပုံမှန်လျှော်ပါ

ထိတွေ့မိနိုင်တဲ့ မျက်နှာပြင်တွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ

နံရံတွေ၊ မျက်နှာကြတ်တွေကို သန့်ရှင်းပေးပါ

ကော်ဇောတွေကို ပုံမှန်သန့်စင်ပါ

အရုပ်တွေ၊ ဘေဘီလေးနေ့စဉ်ထိတွေ့နေတဲ့အရာတွေကို ပုံမှန်သန့်စင်ပါ

အသုံးအဆောင်တွေကို ပုံမှန် သန့်စင်ပေးပါ။

အခုပြောခဲ့တဲ့ အချက်လေးတွေကို သတိထားလို့ ကိုယ်တိုင်ကိုရော ချစ်ရတဲ့ မိသားစုဝင်တွေကိုပါ နှစ်ဆင့်ခံဆေးလိပ်ငွေ့အန္တရာယ်ကနေ ကာကွယ်ပေးပါ။

ရေးသားသူ- Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr. Thurein Hlaing Win

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်