NCA သုံးနှစ်ပြည့် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး တက်ရောက်နိုင်ရေး အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဆွေးနွေး

ချင်းမိုင် ၁၀ အောက်တိုဘာ 

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)၏ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည်။

 

အစည်းအဝေးကို အောက်တိုဘာ ၁၀ ရက်မှ ၁၁ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေးတွင် အောက်တိုဘာ ၁၅ ရက်တွင် ပုပ္ပါးတောင် ခြေအနီးတွင် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်စာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့တို့မှ ထိပ်သီးခေါင်းဆောင်များတွေ့ဆုံမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

 

အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ခေါင်းဆောင် KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက “ဒီနေ့အစည်းအဝေးမှာ အဓိကကတော့ ၁၀ အပေါင်း ၁၀ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ အလွတ်သဘော သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့တဲ့ ပြင်ဆင်ရေးအဖွဲ့က ပြန်လည်တင်ပြချက်တွေကို နားထောင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် တင်ပြလာတဲ့ အချက်တွေကို ညှိနှိုင်းဆွေးနွေးပြီး ဘုံရပ်တည်ချက်ကို သတ်မှတ်ကြမယ်။ ဒီဘုံရပ်တည်ချက်ကို အခြေခံပြီး ရှေ့ဆက်ဘယ်လို ဆောင်ရွက်သွားကြမလဲဆိုတာကို လုပ်ငန်းစဉ်ချမှတ်မယ်။ ဒါ့အပြင် ဒီလုပ်ငန်းစဉ်တွေကိုလည်း လက်ရှိဖြစ်တည်နေတဲ့ အလွတ်သဘော ဆွေးနွေးပွဲကနေ နက်ရှိုင်းစွာနဲ့ stakeholder တွေအကြား တည်ရှိနေကြတဲ့ နိုင်ငံရေးဆိုင်ရာ အခြေခံယူဆချက်ကွာဟမှုတွေကို ကြိုးစားစေ့စပ်ညှိနှိုင်းသွားရမှာ ဖြစ်ပါတယ်။ 

 

နက်ရှိုင်းတဲ့ကွာဟချက်တွေလို့ ပြောတဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ NCA အပေါ်မှာ ရပ်တည်ရမှာပဲဖြစ်တယ်။ NCA အပေါ်မှာ နှစ်ဖက်က လိုက်နာခြင်းရှိ၊ မရှိ ဆိုတဲ့အဖြေကိုလည်း ရှာရမယ်။ ပြင်ဆင်ရေးအဖွဲ့က တင်ပြလာမဲ့အချက်တွေက NCA နဲ့ ကိုက်ညီမှုရှိ၊ မရှိဆိုတာကို ပြန်သုံးသပ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဖက်ကွာဟမှုပေါင်းများစွာနဲ့ အခက်အခဲပေါင်းများစွာထဲကမှ ကျော်လွှားခဲ့ကြပြီး NCA ဆိုတာကို ရရှိလာတယ်။ ဒါကြောင့် လက်မှတ်ရေးထိုးထားတဲ့ ကျွန်တော်တို့အဖွဲ့တွေအတွက် NCA ဟာ လမ်းညွှန်တစ်ခုပဲဖြစ်တယ်။ အဲဒီကနေ သွေဖည်လို့ မရပါဘူး” ပြောကြားခဲ့သည်။

 

ထို့အပြင် KNU ဥက္ကဋ္ဌက KNU အနေဖြင့် တိုင်းရင်းသားများအကြား ပူးပေါင်းဆောင်ရွက်ရာမှာ တူတာတွေပေါင်းလုပ်ပြီး မတူတာတွေ ခွဲလုပ်မယ်ဆိုတဲ့ “မူ” ရှိပါကြောင်း၊ ယခုအချိန်တွင် မိမိတို့ NCA လက်မှတ်ထိုး ၁၀ ဖွဲ့အကြား ဘုံသဘောထား ရပ်တည်ချက်များချမှတ်ဖို့ မဖြစ်မနေ လိုအပ်နေပြီဖြစ်ကြောင်း၊ အနာဂတ် ပြည်ထောင်စုကြီးကို အတူတကွဖြင့် အကောင်းဆုံးဖြစ်အောင် တည်ဆောက်ကြမှာ ဖြစ်သည့်အတွက် NCA လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူတို့ပါဝင်လာနိုင်တဲ့ အခင်းအကျင်းအတွက် လမ်းရှာပေးရမှာ ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့အားလုံးမျှော်မှန်းထားသည့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို အားလုံးပါဝင်မှုနဲ့ တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းသာယာပြီး တန်းတူအခွင့်အရေးရှိတဲ့ လူမှုအဖွဲ့အစည်း တည်ဆောက်ရေးကိုရှေးရှုပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံသည့် ဆွေးနွေးရေး လုပ်ငန်းစဉ်များဖြစ်ပေါ်လာဖို့ ဦးတည်ဆွေးနွေးကြဖို့ တိုက်တွန်းလိုကြောင်း၊ အနာဂတ်အတွက် မိမိတို့အားလုံးသည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ တစ်ယောက်နှင့် တစ်ယောက် ချစ်ခင်ခြင်းကိုအခြေခံ၍ ငြိမ်းချမ်းရေးကို တည်ဆောက်ရမှာဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 

ယခုပြုလုပ်မည့် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် NCA လက်မှတ်ထိုး တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးသည် အလွန်အရေးကြီးပြီး အစိုးရ ထိပ်သီးခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းတွင် တစ်ဆို့နေသည့် အကြောင်းအရာများအား ညှိနှိုင်းဖြေရှင်းနိုင်လိမ့်မည်ဖြစ်ကြောင်းကို အောက်တိုဘာ ၅ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖြေကြားထားသည်။

 

ဦးဇော်ဌေးက “ပုပ္ပါးတောင်ခြေအနီးတွင်ပြုလုပ်မည့် အစည်းအဝေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တက်မှာပါ။ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမြင့်ဆုံးအစည်းအဝေးဖြစ်တဲ့ JICM အစည်းအဝေးမှာတောင် တပ်မတော်ဘက်က ဒုတိယကာကွယ်ရေးဦးစီးချုပ်ပဲ တက်တယ်။ အခုက ပထမဆုံးအကြိမ်တက်မှာပါ။ ဒီလိုဆွေးနွေးပွဲမျိုးမရှိခဲ့ဘူး။  ငြိမ်းချမ်းရေနဲ့ပတ်သက်တဲ့ စိတ်ရင်းစေတနာ ဘယ်လောက်ရှိသလဲ၊ မရှိသလဲဆိုတာက ဒီပွဲကိုတက်ခြင်း၊ မတက်ခြင်းက အရေးကြီးတယ်။ မတက်ဘူးဆိုရင် ဘာကြောင့်မတက်သလဲဆိုတဲ့အဖြေ ပြည်သူကိုပေးရမှာ။ ကျွန်တော်တို့ကတော့ EAOs ခေါင်းဆောင်တွေ အားလုံးတက်ဖို့ မေတ္တာရပ်ခံထားတယ်။ တက်မှလဲ တစ်ဆို့နေတာတွေ ပြတ်သွားမယ်။ မတက်ပဲရှောင်နေတယ်ဆိုရင် ပြတ်ဖို့ခက်တယ်” ဟုပြောကြားထားသည်။ 

 

လာမည့် အောက်တိုဘာ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တရားဝင်လက်မှတ်ရေးထိုးခြင်း သုံးနှစ်ပြည့် ဖြစ်သည်။ ထို့ကြောင့် ပြည်သူများမျှော်လင့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများကို ပိုမိုဆောင်ရွက်နိုင်ရန်အတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ ၁၀ အပေါင်း ၁၀ တွေ့ဆုံမည့် အခမ်းအနားကို ကျင်းပခြင်းဖြစ်သည်။

 

အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမည့်ဆွေးနွေးပွဲကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PLNO) ကြိုဆိုထောက်ခံကြောင်း သဘောထား ကြေညာချက်ထုတ်ပြန်ထားသည်။ 

 

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..EPRN