နှစ်(၃၀)မြေဂရန် အတုဖြင့် ဘဏ်မှ ငွေကျပ်သိန်း ၁၅၀ဝ  ချေးယူခဲ့သူကို အမှုဖွင့် 

မကွေး  ၂၁  ဇွန် 


မကွေးမြို့တွင် မြန်မာ့ရှေ့ဆောင်ဘဏ် တာဝန်ရှိသူက ၎င်းဘဏ်တွင် နှစ်(၃၀)မြေဂရန်အတုပေးပြီး ငွေကျပ် သိန်း ၁၅၀ဝ  လိမ်လည်ရယူခဲ့သည်ဆိုကာ အမျိုးသားတစ်ဦးအား ဇွန် ၁၇ ရက်နေ့တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဒေါ်ယဉ်ကေသွယ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် မန်နေဂျာသည် ၂၁.၁၁.၂၀၁၄ ရက်နေ့တွင် ဘဏ်၌ တာဝန်ထမ်းဆောင်နေစဉ် ဟန်ညွန့်၊(အသက်/အလုပ်အကိုင် စုံစမ်းဆဲ) အောင်ချမ်းသာရပ်ကွက်၊ မကွေးမြို့နေသူ ရောက်ရှိလာပြီး ၎င်းလက်ဝယ် ရရှိပိုင်ဆိုင်ထားသော ဦးသံချောင်း အမည်ဖြင့် (၁၇)လမ်းရှိ အမှတ်(၅၀)မြေကွက်အား ၅.၁.၁၉၉၂ ရက်နေ့၌ ကတိစာချုပ်ဖြင့် ဝယ်ယူထားရှိကြောင်း၊ ဦးဟန်ညွန့် အမည်ပေါက် နှစ်(၃၀) ဂရန်၊ မြေစာရင်းပုံစံ(၁၀၅၊၁၀၆)၊ အိမ်ဝိုင်းမြေကွက် အရောင်းအဝယ်စာချုပ်၊ ဝိုင်းမြေကွက် နေရာချထားကြောင်း သက်သေခံလက်မှတ်၊ ကျမ်းကျိန်ချက်မူရင်းများကို မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် (မကွေးဘဏ်ခွဲ) သို့ ပေးအပ်၍ အော်ဒီမန် စာချုပ်တွင် လက်မှတ်ရေးထိုး၍ ငွေကျပ် သိန်း ၁၅၀ဝ အား ချေးယူသွားခဲ့ရာ ချေးငွေများအား စာချုပ်ပါအတိုင်း သတ်မှတ်ရက်အတိုင်း ပြန်လည်ပေးဆပ်ခြင်းမရှိသဖြင့် မကွေးခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထား တိုင်ကြားခဲ့ကြောင်း သိရသည်။


ယင်းသို့တိုင်ကြားရာ တရားရုံးရာကြီးမှုအမှတ်(၂၄/၂၀၁၈)ဖြင့် လက်ခံစစ်ဆေးပြီး ဘဏ်ဒီဂရီရလိုမှု အနိုင်ရခဲ့ပြီးနောက် တရားမဇာရီမှု အမှတ်(၅၄/၂၀၁၈)အား အတည်ပြုဆောင်ရွက်နေစဉ်အတွင်း ဟန်ညွန့် မှ ဘဏ်သို့ ပေါင်နှံထားသည့် နှစ်(၃၀) မြေဂရန် အမှတ်(၁၀၆၁/၉၇) မြေကွက်နှင့် စာရွက်စာတမ်းများမှာ လိမ်လည်အတုပြုလုပ်ထားသော စာရွက်စာတမ်းများဖြစ်ကြောင်း  သိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။ 


ဖြစ်စဉ်နှင့် ပက်သက်၍ ဟန်ညွန့်အား အရေးယူပေးရန် ဇွန်(၁၇)ရက်နေ့တွင် ဒေါ်ယဉ်ကေသွယ် မှ တရားလိုပြုတိုင်ကြားခဲ့၍ မကွေးမြို့နယ်၊ မြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။


ကျော်ဇေယျ