နှစ် ၅၀ ကျော်အတွင်း နေ့အပူချိန်အမြင့်ဆုံး စံချိန်တင်ခဲ့သည့် ချောက်မြို့၌ အများပြည်သူ ရေချိုးချိန်သတ်မှတ်

ချောက်   ၁၁    မေ

 

မြန်မာနိုင်ငံ၏ နေ့အပူချိန် စာရင်းတွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံး စံချိန်သစ် တင်ခဲ့သည့် ချောက်မြို့၌ အများပြည်သူများ ရေချိုးသင့်သည့် အချိန်အကန့်အသတ်တစ်ခုကို သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ချောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

လူအများစု ရေချိုးရာ ဧရာဝတီမြစ် ၊ ရေချိုးဆိပ်နေရာများတွင် နံနက် ၁၀ နာရီ မှ ညနေ ၅ နာရီအထိ ရေမချိုးရ စာသားပါ ဗီနိုင်းဆိုင်းဘုတ်များကို မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ချိတ်ဆွဲလိုက်ပြီဖြစ်သည်။

 

144

 

" နှစ်စဉ်နှစ်တိုင်းလိုပါပဲ ။ ဒီအချိန်ဆိုရင် ဗီနိုင်းဆိုင်းဘုတ်တွေထားပြီး သတိပေး တားမြစ်နေရပါတယ်။ ရပ်ကွက် ၊ ကျေးရွာအလိုက် ကျန်းမာရေးမှူးတွေ ၊ သားဖွားဆရာမတွေ အနေနဲ့ အပူဒဏ်ကာကွယ် ရေး အသိပညာပေးမှုတွေကိုလည်း လုပ်ဆောင်ပေးနေပါတယ် '' ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာန (ကျန်မာရေးမှူး ၊ အဆင့် -၁ ) ဦးလှိုင်မြင့်ဟန်က ပြောသည်။

 

ချောက်မြို့တွင် နွေရာသီရောက်တိုင်း အပူချိန် မြင့်တတ်လျက်ရှိပြီး ၂၀၁၉ ခုနှစ် မေလ ၉ ရက်နေ့တွင် ၄၇ ဒဿမ ၁ ဒီဂရီ စင်တီဂရိတ် ၊ ၂၀၂၀ခုနှစ် ၊ မေလ ၈ ရက်နေ့တွင် ၄၇ ဒဿမ ၅ ဒီဂရီ စင်တီဂရိတ်အထိ ရောက်ရှိခဲ့ကြောင်း ၊ ၅၂ နှစ်အတွင်း အမြင့်ဆုံး စံချိန်သစ်တင်ခဲ့ကြောင်း ချောက်မြို့ နယ် ၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ၊ တိုင်းထွာရေး စခန်းမှူး ဒေါ်ခိုင်သန္တာအောင်ထံမှ သိရသည်။

 

ချောက်မြို့နယ်တွင် ၂၀၁၉ ခုနှစ် နွေရာသီကာလက (Heat Stroke) အပူဒဏ်သင့်ခဲ့သူ ၆ ဦး ရှိကာ ၃ ဦး သေဆုံးခဲ့ရကြောင်း ၊ အပူဒဏ်သင့် လူနာများကို ကုသနိုင်ရန် သီးသန့်အအေးခန်း ၂ ခန်း ပြင်ဆင်ထားကြောင်း ချောက်မြို့နယ်  ပြည်သူ့ဆေးရုံမှ သိရသည်။

 

ဇေယျတု(မကွေး)