“နှစ်-၃၀ပြည့် ကလေးသူငယ်အခွင့်အရေးနေ့” ခေါင်းစဉ်ဖြင့် ပေါက်မြို့၌ ပြည်သူ့စကားဝိုင်း ကျင်းပ

ပေါက် ၁၈ နိုဝင်ဘာ   


မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအဖွဲ့များနှင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “နှစ်-၃၀ ပြည့် ကလေးသူငယ်အခွင့်အရေးနေ့” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပေါက်ပင်ခန်းမ၌ ကျင်းပခဲ့သည်။ 

 

ရှေးဦးစွာ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးမျိုးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစောမြင့်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်း လင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ကလေးသူငယ်အခွင့်ရေးများအကြောင်း ကျယ်ပြန့်စွာပိုမိုသိရှိနိုင်ရန်၊ ကလေးသူငယ်အခွင့်အရေး များကို ကလေးများကိုယ်တိုင် တရားဝင်တောင်းဆိုတတ်စေရန်နှင့် ကလေးသူငယ်များ၏ အခွင့်အရေးနှင့် အသံကိုအလေးထားသော ဝန်းကျင်တစ်ခုဖြစ်ပေါ်လာစေရန်အတွက် စီမံကိန်းမန်နေဂျာ ဦးလင်းသူအောင်က ပြောသည်။

 

ထို့နောက် ဦးဆောင်ဆွေးနွေးသူများဖြစ်သော ပေါက်မြို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မောင်ကို၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်စစ်ဆေးရေးမှူး ဦးစိုးဝင်းနှင့် တာဝန်ရှိသူများက ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်ပြီး မိမိတို့ဌာန၏ လုပ်ငန်းလုပ်ဆောင်မှု လုပ်ငန်းစဉ်များအား အသီးသီး ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက်တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

 

ဉာဏ်တိုး(ပေါက်)