နှစ် (၁၅၀) ပြည့် ဂျပန်မီးရထားသမိုင်း

တက္ကသိုလ်မောင်ရူပ

(ယမန်နေ့မှအဆက်) 

ရထားသမိုင်းတွင် ကြီးမားသည့် အပြောင်းအလဲများ ဖော်ဆောင်

ဂျပန်နိုင်ငံရဲ့ မီးရထားအကြောင်းပြောကြရင် ရှင်ကန်ဆန်လို့ခေါ်ကြတဲ့ အမြန်ရထားပြေးဆွဲမှု ကလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ရှင်ကန်ဆန်အမြန်ရထားတွေဟာ ဂျပန် နိုင်ငံရဲ့ရထားသမိုင်းမှာ ကြီးမားတဲ့အပြောင်းအလဲတွေကို  ဖော်ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအချက်က ဒီအမြန်ရထားတွေ တည်ဆောက်ဖို့ စတင်ကြံစည်ခဲ့တဲ့အချိန်က ဂျပန် နိုင်ငံဟာ နယ်မြေသစ်တွေ ချဲ့ထွင်နေတဲ့ ၁၉၃၉ ခုနှစ်မှာဖြစ်ပါတယ်။ မူလအစီအစဉ်အရ တစ်နာရီကို ကီလိုမီတာ ၂၀၀ အထိ မောင်းနှင်နိုင်မယ့် ရထားလမ်းကို ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်းကနေ အာရှတိုက် ကမ်းခြေအထိ ကိုရီးယားကျွန်းဆွယ်ကနေတစ်ဆင့် ပင်လယ်ရေအောက်လမ်းကြောင်းကနေ ပြေးဆွဲဖို့ရည်ရွယ်ခဲ့တယ်လို့ သိရှိရပါတယ်။ အာရှကမ်းခြေအထိ ရထားပြေးဆွဲဖို့အစီအစဉ်ကို ဂျပန်နိုင်ငံဟာ ၁၉၄၄ ခုနှစ်မှာ စွန့်လွှတ်ခဲ့ပေမယ့် ပြည်တွင်းမှာ ပြေးဆွဲနိုင်ဖို့အတွက် Japan National Railways (JNR) ကုမ္ပဏီက ဂျပန်နိုင်ငံသား အင်ဂျင်နီယာ Hideo Shima က ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။

Hideo Shima နဲ့ JNR ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ Shinji Sogo တို့ဟာ ဂျပန်နိုင်ငံမှာ ရှင်ကန်ဆန်အမြန် ရထားတွေ လက်တွေ့ပြေးဆွဲနိုင်ဖို့ ကြိုးပမ်းအကောင်အထည်ဖော်ခဲ့တဲ့သူတွေဖြစ်လို့ ရှင်ကန် ဆန်အမြန်ရထားတွေရဲ့ ဖခင်ကြီးတွေလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ သူတို့နှစ်ဦးဟာ အရှိန်ပြင်းပြင်းနဲ့ ရထားတွေမောင်းနှင်ရာမှာ ရထားစီးနင်းသူတွေ အန္တရာယ်ကင်းရှင်းစေဖို့ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်လိုအပ်ချက်တွေကို ဖော်ဆောင်ပေးခဲ့ကြပါတယ်။ အမြန်ရထားရဲ့ အဆင့်မြင့်အလိုအလျောက် ထိန်းချုပ်စနစ်တွေ၊ ရထားတွဲတွေအတွင်း လိုအပ်တဲ့လေဖိအားပေးအပ်မှု စနစ်တွေအတွက် နည်းပညာတွေကို သူတို့နှစ်ဦးဟာ ဦးဆောင်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သို့သော်လည်း သူတို့ရဲ့ကြိုးပမ်းမှုတွေဟာ လွယ်ကူခဲ့တာ မဟုတ်ဘဲ စီမံချက်အကောင်အထည်ဖော်နေစဉ် သတ်မှတ်ဘတ်ဂျက်ထက် ကျော်လွန်ဆောင်ရွက်ခဲ့လို့ နှစ်ဦးစလုံး ၁၉၆၃ ခုနှစ်မှာ JNR ကုမ္ပဏီကနေ နုတ်ထွက်ခဲ့ကြရပါတယ်။ ဒါပေမဲ့ ရထားစီးခရီးသည်တွေရဲ့ လုံခြုံစိတ်ချရမှုအတွက် လိုအပ်တဲ့နည်းပညာတွေ ဖော်ထုတ်ပေးနိုင်ခဲ့မှုအပေါ် သူတို့အနေနဲ့ ကျေနပ်အားရခဲ့ကြတယ်လို့ သိရပါတယ်။

ရှင်ကန်ဆန်အမြန်ရထားတွေကို ဂျပန်နိုင်ငံတွင်း စတင်ပြေးဆွဲနိုင်ခဲ့တာဟာ ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ ဖြစ်ပါတယ်။ အဲဒီနေ့ဟာ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲတွေကို ဖွင့်လှစ်ဖို့ ၁၀ ရက်အလိုမှာဖြစ်ပါတယ်။ ဒီလို နည်းပညာသစ်ဆန်းတဲ့ ရှင်ကန်ဆန်ရထားနဲ့ ကမ္ဘာ့အိုလံပစ်တို့ကို အချိန်ကိုက်ဆောင်ရွက်ခဲ့တဲ့ အတွက် ဂျပန်နိုင်ငံဟာ နိုင်ငံတကာမျက်နှာစာကို အသွင်သစ်နဲ့ ပြန်လည်ဝင်ရောက်လာတာကို ဖော်ကျူးပြသလိုက်တာဖြစ်တယ်လို့ အဲဒီအချိန်က သတင်းစာဆရာတွေက  သုံးသပ်ရေးသားခဲ့ကြပါတယ်။ ဂျပန်နိုင်ငံရဲ့သမိုင်းကြောင်းမှာ အထင် ကရအမှတ်အသားတစ်ခုဖြစ်တဲ့ ရှင်ကန်ဆန်ရထားတွေဟာ ရထားပြေးဆွဲမှုသမိုင်းမှာလည်း လုံခြုံစိတ်ချရမှုစံချိန်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အခုဆိုရင် ရှင်ကန်ဆန်အမြန်ရထားလမ်းကြောင်းတွေဟာ နိုင်ငံရဲ့မြောက်ဘက်အကျဆုံး ဟော့ကိုင်း ဒိုးကျွန်းနဲ့ တောင်ဘက်အစွန်ဆုံး ကျူးရှူးကျွန်းအထိ ဖောက်လုပ်နေပြီဖြစ်ပါတယ်။ ရှင်ကန်ဆန် အမြန်ရထားအပြင် maglev လို့ခေါ်တဲ့ သံလိုက်ဓာတ်သတ္တိစွမ်းအားနဲ့ မောင်းနှင်တဲ့ အမြန်ရထားတွေလည်း ရှိလာပြီဖြစ်ပါတယ်။ 

ဒါကြောင့် ဂျပန်နိုင်ငံရဲ့ ရထားပို့ဆောင်မှုဟာ နိုင်ငံတွင်းမှာ ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှု နှုန်း (mobility rate) မြင့်မားမှု၊ ကုန်စည်သယ်ယူ ပို့ဆောင်မှု (logistics) ဆက်သွယ်မှုတွေအပြင် နိုင်ငံရဲ့စီးပွားရေးအပေါ် များစွာအထောက်အကူ ပြုစေခဲ့တာတွေ့မြင်နိုင်ပါတယ်။ သို့သော်လည်း ဂျပန်နိုင်ငံရဲ့ ရထားပြေးဆွဲမှုလုပ်ငန်းတွေဟာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင် နေကြရတာဖြစ်ပါတယ်။ လောလောဆယ်အနေနဲ့ ၂၀၁၉ ခုနှစ်အကုန်ပိုင်းကနေ စတင်ဖြစ်ပေါ်ခဲ့တဲ့ ကိုဗစ်-၁၉  ကူးစက်ရောဂါဖြစ်ပွားမှုနဲ့အတူ တစ်ဆက်တည်းဖြစ်ပေါ်လာတဲ့  နိုင်ငံတွင်း အရေးပေါ်အခြေအနေ (State of emergency) သတ်မှတ်ကြေညာခဲ့မှုကြောင့် ပြည်သူတွေရဲ့ ခရီးသွားလာမှုလျော့ကျလာမှုနဲ့အတူ ဝင်ငွေလျော့ကျလာမှုကို ကြုံတွေ့နေရပါတယ်။ ရေရှည်စိန်ခေါ်မှုတွေအနေနဲ့ နိုင်ငံတွင်းလူဦးရေလျော့နည်းလာမှုနဲ့ ပုဂ္ဂလိကမော်တော်ယာဉ် ဝယ်ယူပိုင်ဆိုင်မှုနှုန်းထားတွေ တိုးတက်များပြားလာမှုတွေဟာ ရထားပြေးဆွဲမှုလုပ်ငန်းအနာဂတ်အတွက် စိုးရိမ်ဖွယ်ရာတွေဖြစ်ပါတယ်။

အဓိကအရေးပါတဲ့နေရာကနေပါဝင်

ဒါကြောင့် ရထားပြေးဆွဲမှုလုပ်ငန်းမှာ စီးပွားရေးပုံစံသစ် (New business model) တွေ ထပ်မံ ဖော်ထုတ်ဖို့ကိုလည်း ဂျပန်နိုင်ငံမှာ စတင်စဉ်းစား ဆောင်ရွက်လာကြပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဂျပန်နိုင်ငံရဲ့ ဘူတာရုံတွေဟာ ရထားစီးဖို့ သက်သက်ဆိုတာမျိုးမဟုတ်ဘဲ လူမှုဘဝတွေကို စုစည်းပေါင်းဆုံပေးတဲ့ပလက်ဖောင်းတွေ (Platforms for connected lifestyles) ဖြစ်တယ်ဆိုတဲ့ အယူအဆကို ဖော်ဆောင်ပေးလျက်ရှိပါတယ်။ တစ်နည်းအားဖြင့် ဘူတာရုံတွေဟာ ပြည်သူတွေ၊ ထုတ်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို စုစည်း ပေါင်းစပ်ပေးထားတဲ့ဆုံမှတ် (hub) တွေဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံရဲ့ ရထားပြေးဆွဲမှု လုပ်ငန်းတွေဟာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုသမိုင်းကြောင်း၊ လူမှုဆက်ဆံရေးသမိုင်းကြောင်းမှာ အဓိကအရေးပါတဲ့နေရာကနေ ပါဝင်ခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ 

တစ်ဆက်တည်း ရထားပြေးဆွဲမှုလုပ်ငန်း ဟာလည်း စတင်ပြေးဆွဲခဲ့တဲ့ ၁၈၇၂ ခုနှစ်ကနဲ့ စာရင် များစွာပြောင်းလဲခဲ့ပါတယ်။ ၁၈၇၂ ခုနှစ်မှာ ရှင်ဘာရှိဘူတာမှာ ရထားစီးမယ့် ခရီးသည်တွေ လန်ချားပေါ်က ဆင်းလာကြတဲ့ပုံစံနဲ့ ယနေ့မျက်မှောက်ရှင်ဘာရှိဘူတာပုံစံတို့ဟာ လုံးဝကွဲပြား ခြားနားနေပြီဖြစ်ပါတယ်။  ဒီကနေ့ကနေ နောင်နှစ်ပေါင်း ၁၀၀ လောက် ကြာလာတဲ့အချိန်မှာ လည်း ရထားပြေးဆွဲမှု စီးပွားရေးပုံစံတွေ ဘယ်လိုပြောင်းလဲလာမလဲဆိုတာ  နိုင်ငံရဲ့ပြည်တွင်း ဖြစ်ပေါ်မှုလက္ခဏာတွေ၊ နည်းပညာဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေနဲ့ချိန်ဆပြီး  ပြုပြင် ပြောင်းလဲသွားကြရမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံ JR Group ရဲ့အကြီးဆုံးလုပ်ငန်းဖြစ်တဲ့ JR East ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က သုံးသပ်ပြောကြားခဲ့ပါကြောင်း တင်ပြလိုက်ရပါတယ်။     ။   

ရည်ညွှန်း -    Where Japan’s railways stand after 150 years of evolution by Tim Hornyak (Japan Times Newspaper) 8-10-2022