နွဲ့နှောင်းလှပ မွန်ရိုးရာအက

မာမာစိုး

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးတိုင်းတွင် ၎င်းတို့၏ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့၊ ထုံးတမ်း၊ ရိုးရာပွဲများ၊ သမိုင်းကြောင်းတို့ကို မတိမ်ကော မပပျောက်ရအောင် နည်းအမျိုးမျိုးဖြင့် လက်ဆင့်ကမ်းရင်း ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြသည်။ မွန်လူမျိုးတို့သည် လွန်ခဲ့သော အနှစ် ၂ဝဝဝ ကျော်ခန့်က မြန်မာပြည်တွင်းသို့ စတင်ဝင်ရောက်လာကတည်းက ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများနှင့် ရပ်တည်ခဲ့ကြသည်။ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု၊ အနုသုခုမပညာ စသည်တို့ဖြင့် ယဉ်ကျေးမှုမြင့်မားစွာ နေထိုင်ခဲ့ကြသည်။

 

မွန်လူမျိုးတို့သည် ယဉ်ကျေးမှုအနုပညာ၊ ဂီတနှင့် အကတို့တွင်လည်း ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်တူရိယာတို့နှင့် အထင်အရှားရှိခဲ့သည်။ ပုဂံဘုရားတို့ရှိ အုတ်ခွက်ပုံများ၊ ပန်းချီ များ၊ ရုပ်ပုံများ၊ စဉ့်ကွင်းများကို ကြည့်ခြင်းဖြင့် ဂီတ၊ အက၊ အနုပညာရပ်များ ထွန်းကားခဲ့ပြီး ၎င်းတို့၏ အနုပညာ အဆင့်အတန်းကို သိရှိနိုင်သည်။ တူရိယာပစ္စည်း အမျိုးစုံလှသကဲ့သို့ ကနည်းကဟန်မှာလည်း စုံလှသည်။ 

 

ထို့အပြင် မွန်ကြာစေ့ကောက်ခေါ် ''နှင်းယွန်းဂိမ္မာန်''သီချင်း၊ မွန်သံစုံခေါ် ''ကောင်းကြီးသင်္ခါ'' သီချင်း၊ မွန်ဆယ်နှစ်ခန်း သီခေါ်''ညှင်းညှင်း''သီချင်း၊ မွန်အလေးမေ့ခေါ် ''တောင်ယံတောက မောလေအောင်'' သီချင်း၊ ''စိန်မြရံခြယ်''၊ ''စိန်ခြယ်ညီးလင်း'' စသော ရှေးမွန်သီချင်းအမျိုးမျိုးလည်း ရှိသည်။ 

 

မွန်လူမျိုးတို့ တူရိယာတီးခတ်ရာတွင် မဇ္ဈိမ (ကြိုးကြာသံ)၊ ဂန္ဓာရ(ဆိတ်မြည်သံ)၊ ဥဿဘ (နွားလားဥဿဘအသံ)၊ ပဉ္စမ(ဥသြတွန်သံ)၊ ဆဇ္ဇ(ဥဒေါင်းတွန်သံ)၊ ဓေဝသ(မြင်းဟီသံ)၊ နိသာဒ(ဆင်အော်သံ)စသည့် အသံခုနစ်မျိုးတို့ကို အသုံးပြု၍ တီးခတ်ကြကြောင်း သိရသည်။

 

မွန်ရိုးရာသဘင်တွင် နတ်ချင်း၊ နတ်သံနှင့် နတ်ကန်တော့၊ ယိမ်းတို့ရှိကြရာ ကကြိုးကဟန်နှင့် ပတ်သက်၍ ၁၂ မျိုး၊ ၁၂ ခန်း ခွဲခြားသတ်မှတ်ထားကြောင်း လေ့လာတွေ့ရှိရသည်။ ၎င်း ၁၂ ခန်းမှ ကကြိုးကဟန်တို့ကို မွန်နှစ်ပါးသွား၊ တပင်တိုင်ယိမ်း၊ မြေဝိုင်းအက စသော ရိုးရာအကတို့တွင် အခြေခံကကွက်တို့၌ သူ့နေရာနှင့်သူ ထည့်သွင်းကပြကြသည်။ နတ်ကတော်အက၊ ပန်းကစားအက၊ ဓားရှည်အက၊ ပန်းဝိုင်းအက၊ ဒေဝပဇ္ဇုန်အက၊ ယပ်တောင်အက၊ ကိန္နရီအက၊ ကျေးငှက် သပြေသီးစားအက၊ ပဒုမ္မာကြာဖူးအက၊ လှေလှော်အက၊ အရှေ့တိုင်းအက၊ ကြက်တိန်ညင်အက စသည်တို့မှာ မွန် ၁၂ ခန်းမှ ကကွက်များဖြစ်ပြီး မွန်ရိုးရာအကတို့၏ အခြေခံကကွက်များဖြစ်ကြောင်း သိရှိရသည်။ 

 

မွန်တို့၏ရိုးရာအနုပညာသည် ကျေးလက်ကို အခြေခံ၍ ဆင်းသက်လာခဲ့ရာ အေးချမ်းသာယာလှသော ကျေးလက်တောရွာတို့၏ ဓလေ့များကို ထင်ဟပ်အောင် ဖော်ကျူးသီဆို ကပြကြသည်။ ရှေးအခါကပင် လယ်ယာလုပ်ငန်းကို လုပ်ကိုင်လာကြရာ လယ်ယာလုပ်ငန်းခွင်နှင့်ပတ်သက်၍လည်း ကောက်ညှင်း လှေ့အကအပြင် တညင်အက၊ ရှေးမွန် နှစ်ပါးသွားအက၊ ပန်းဝိုင်းအက၊ ကြာဖူးအက၊ ခြေစုံရွှေ့အက၊ လက်ယပ်ခေါ်အက၊ ရေအိုးရွက်အက၊ ရေဖျန်းအက၊ ထမ်းပိုးထမ်းအက၊ ပန်းထူးအက၊ စွန်ဝဲအက၊ ကျေးလည်ဆံအက၊ ကြာဖတ်လှန်အက၊ လက်တွဲခေါ်အက၊ စပါးလှေ့အက၊ အာလိန်အက၊ ညောင်ရွက်ကြွေအက၊ ဘယ်ခြေညာ လှည့်အက၊ ပဝါအက၊ ခြေထပ်အက၊ သမင်လည်ပြန်လျှောက်အက၊ ခြေသွင်းအမှန် သိုင်းကွက်အက၊ ငါးရံ့ကူးအက၊ လခြမ်းအက စသည်ဖြင့် ကကွက်ကဟန်များမှာ အမျိုးစုံလင်လှသည်ကို တွေ့ရသည်။

 

မွန်ရှေးရိုးအကတို့၏ ကကြိုးကဟန်ကို စုစည်းကြည့်လိုက်ပါက အငြိမ့်ပွဲအက၊ နတ်ပွဲအက၊ ဇာတ်ပွဲအကဟူ၍ သုံးမျိုးတွေ့ရှိရသည်။ မွန်ကျေးလက်ဒေသရှိ မြေတလင်းပြင်တို့၌ ကပြလေ့ရှိသော မွန်မြေဝိုင်းအကတွင် အငြိမ့်ပွဲအက၏ နွဲ့နှောင်းပြီး နူးညံ့သိမ်မွေ့သည့် ကကြိုး ကဟန်တို့ဖြင့် ကကြရကြောင်း လေ့လာသိရှိရသည်။

 

မြေဝိုင်းအကကို မွန်လို ဖူးဝါးစမားကွက်ဟု ခေါ်ကြသည်။ ဟံသာဝတီပြည့်ရှင် မွန်ဧကရာဇ်မင်းတို့လက်ထက်ကပင် အလွန် ခေတ်စားခဲ့သော ရိုးရာအကတစ်မျိုးဖြစ်သည်။ မြေဝိုင်းအကကို နေ့ထူး နေ့မြတ်များ၊ ၁၂ လရာသီ ပွဲတော်များနှင့် ရိုးရာပွဲတော်များ ကျင်းပချိန်တွင် ကပြကြသည်။ ယင်းအကကို ယခုခေတ်မွန်တို့၏ ဌာနေကျေးလက်များအပြင် မြစ်ဝကျွန်းပေါ် အချို့ဒေသများနှင့် ပဲခူးတို့တွင် ပျော်ပွဲရွှင်ပွဲ တစ်ရပ်အနေဖြင့် ကျင်းပကြသည်။ 

 

မြေဝိုင်းအကနှင့်တွဲဖက်၍ တီးမှုတ်ရသောတူရိယာ ခုနစ်မျိုးအထိရှိရာ လခြမ်းဟုခေါ်သော မောင်း ၁၇ လုံးမှ ၁၈ လုံးအထိပါရှိသည့် တူရိယာ၊ ဗျပ်စောင်း၊ စည်းဝါး၊ ပလွေ၊ ဗုံနှစ်လုံးမှ ငါးလုံးအထိ၊ ထောင်တယောနှင့် မိကျောင်းတူရိယာ စသည်တို့ဖြစ်ကြသည်။ ယင်းအကသည် သီချင်းအဖြစ် အကြောင်းအရာတစ်ခုကို သီကုံးဖွဲ့နွဲ့ကာ ယောကျာ်းလေးနှင့် မိန်းကလေး အပြန်အလှန်စကားနာထိုး၍ သီဆိုပြိုင်ဆိုင် ကပြကြရသည့် ကချိုးမျိုးဖြစ်သည်။ ရပ်ရွာအတွင်းမှ အမျိုးသားနှင့် အမျိုးသမီးတို့က မင်းသား၊ မင်းသမီးအဖြစ် တွဲဖက်ကကြသည်။ ထိုအကတွင် ကကွက် ၁၂ ခန်းမှ ကြက်တိန်ညင် ကကွက်သည် အကအများဆုံးနှင့် အရေးအကြီးဆုံး ကကွက်ဆန်း တစ်ခုဖြစ်သည်။ ကြက်တိန်ညင်အကသည် ကြက်ဖနှင့် ကြက်မ မြူးထူးပျော်ပါးဟန်ကိုယူ၍ ကပြခြင်းဖြစ်သည်။ မင်းသားက မင်းသမီးအား ဝေ့ဝိုက်လှည့်ပတ်ကာ ပြေးပြီးကသည့် ကကွက်များလည်း ပါဝင်သည်။ မြေဝိုင်းအကတွင် လူရွှင်တော် ခြောက်ယောက်အထိ ပါဝင်နိုင်ပြီး မင်းသားဘက်မှ လူရွှင်တော်နှင့် မင်းသမီးဘက်မှ လူရွှင်တော်ဟူ၍ အချိုးညီညီ ပါဝင်ကြရသည်။ မြေဝိုင်းအကတွင် မိမိပြောလိုသည့်စကားကို အချိန်တိုအတွင်း ကဗျာ၊ လင်္ကာ၊ သံပေါက်တို့ကို သီချင်းလိုဖွဲ့နွဲ့ကာ စည်းဝါးကိုက်စွာ အချိတ်ဆက်မိမိ ပြောဆိုရသည်။

 

 

မြေဝိုင်းအကသည် တစ်ဖက်နှင့်တစ်ဖက် တုံ့ပြန်ချေပရသည့် ကကွက်မျိုးဖြစ်သဖြင့် ဖြတ်ထိုးဉာဏ်ကောင်းသူ၊ ဉာဏ်ရည်ထက်မြက်သူ၊ ဗဟုသုတ ကြွယ်ဝသူတို့ ပါဝင်ကပြလျှင် ပို၍ကြည့်ကောင်းလှသော အကမျိုးဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

 

 

ထိုကဲ့သို့သော ရိုးရာဂီတအနုပညာ အဆို၊ အကများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ တိုင်းရင်းသားမျိုးဆက်သစ် လူငယ်တို့၏ တာဝန်တစ်ခုပင်ဖြစ်ပေသည်။

 

ကိုးကား


၁။ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ(မွန်)


၂။ ဦးမင်းနိုင်၏ ပြည်ထောင်စုအကပဒေသာ ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုကောင်စီ၊ စာ ၇၁


၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁ဝ၊ စာ ၄၁၃