နွားထိုးကြီးမြို့နယ်အတွင်းရှိသံခေတ်ယဉ်ကျေးမှုနေရာကို တရားမဝင်တူးဖော်ခြင်းမပြုရန် တားမြစ်ထား

နေပြည်တော် ၁၇ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပဒေါင်းကျေးရွာအုပ်စု၊ ရန်ကုန် - မန္တလေး အမြန်ကားလမ်း မိုင်တိုင် ၃၂၉/၇ အနီးတစ်ဝိုက်ရှိ မြေနေရာကို မသမာသူများက တရားမဝင် တူးဖော်ခိုးယူနေကြောင်း သတင်းအရ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများသည် အဆိုပါနေရာသို့ ဇန်နဝါရီ ၅ ရက်နေ့က ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။

 

ကွင်းဆင်းစစ်ဆေးခဲ့သည့် နေရာသည် နွားထိုးကြီးမြို့နယ်၊ ပဒေါင်းကျေးရွာပိုင် နွားစားကျက် မြေနေရာဖြစ်ပြီး အမြန်လမ်း ဖောက်လုပ်ခဲ့စဉ် မြေများ တူးဖော်သယ်ယူရာ ယခုအခါ ရေကန်အဖြစ် တည်ရှိနေ၍ ရေတိုက်စားပြိုကျရာမှ ရှေးဟောင်း ဝတ္ထုပစ္စည်းအချို့ ထွက်ပေါ်လာ၍ မသမာသူများ ဆက်လက်တူးဖော်ခိုးယူကြောင်း သိရှိရခြင်းဖြစ်သည်။ ပဒေါင်းကျေးရွာမှ မှတ်တမ်းများအရ အဆိုပါနေရာမှ လူအရိုးများ၊ သွားများ၊ မြေထည်ပစ္စည်းများနှင့် သံလက်နက်အပိုင်းအစများ တွေ့ရှိရကြောင်း သိရသည်။

 

ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ သုံးသပ်ချက်အရ ယင်းနေရာသည် ပျူခေတ် အစောပိုင်း သံခေတ်ကာလ ယဉ်ကျေးမှု ထွန်းကားခဲ့သော နေရာ ဖြစ်ကြောင်းသိရှိရပြီး ထိုနေရာတွင် တရားမဝင် တူးဖော်ခြင်း မရှိစေရေးအတွက် ပဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ညှိနှိုင်း မှာကြားခဲ့ကြောင်း  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန သိရသည်။

 

 

(MDN)