နွားနို့ ဘာကြောင့် သောက်သင့်လဲ

၁၉ စက်တင်ဘာ

နွားနို့သည် ငယ်ရွယ်သူကလေးသူငယ်များအတွက် ဉာဏ်ရည်ဉာဏ်သွေးနှင့် ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ရန် တကယ်လိုအပ်သည့်အာဟာရ ဖြစ်ပါသည်။ နိုင်ငံ တကာအားကစားပြိုင်ပွဲများတွင် လည်းကောင်း၊ ပြည်တွင်းပွဲစဉ်များတွင်လည်းကောင်း မြန်မာအားကစား သမားများ၏ အရပ်အမောင်းနှင့် ခွန်အားကို ဂရုထား ချိန်ထိုးကြည့်ရာ ပျမ်းမျှအားဖြင့် အခြားနိုင်ငံသားများထက် ညှက်နေသည်ကို တွေ့ရပါသည်။

နွားနို့နှင့် အာဟာရရှုထောင့် နွားနို့ ၁၀၀ ဂရမ်တွင် ကယ်လိုရီ ၁၂၀ မီလီဂရမ် ပါရှိသဖြင့် မိခင်လောင်းများ နေ့စဉ်တစ်ခွက် သို့မဟုတ် နှစ်ခွက်သောက်သင့်ပါ၏။ ကိုယ်ဝန်ဆောင်ရှေ့ပိုင်း သုံးလအတွင်းတွင် သန္ဓေသား၏ ဉာဏ်ရည်အနိမ့်အမြင့်ကို တည်ဆောက်ပေးသည့် သော့ချက်ဖြစ်သည်ဟု ဆို၏။

တချို့ကလေးများသည် စာအလွန်ကြိုးစားသော်လည်း ရလဒ်မကောင်းဘဲ ဖြစ်နေတတ်ကြ၏။ အကြောင်း ရင်းတစ်ချက်မှာ ကလေးဘဝတွင် အာဟာရမလုံလောက် ခဲ့သောကြောင့် ဖြစ်ပါသည်။ သန္ဓေသားနှင့် နို့စို့အရွယ်တွင် မိခင်ထံမှ အာဟာရကို ရယူခဲ့ရကြောင်း လူတိုင်းသိကြပါ၏။ ထို့ကြောင့် မိခင်များကိုယ်ဝန်ဆောင်ကာလနှင့် ကလေးနို့စို့အရွယ်တွင် အာဟာရရရှိနိုင်မှုကို အလေးထားရန် လိုအပ်လှပါသည်။

နွားနို့တွင် လက်တစ်အက်စစ် (Latic Acid) ပါဝင် နေသောကြောင့် သောက်သူသည် ကိုလက်စထရော (Cholesterol) မတက်သည့်အပြင် ကျဆင်းစေပါသည်။ သွေးတိုးရောဂါရှိသူများကိုလည်း သွေးတိုးနှုန်းကို ချပေးနိုင်ပြီး နှလုံးသွေးကြောကျဉ်းရောဂါရှိသူများနှင့်

သွေးအတွင်း ကိုလက်စထရော မြင့်မားနေသူများအဖို့ မလိုင်ထုတ်ပြီးသား နွားနို့သောက်ပါက ပိုပြီးသင့်လျော်ကြောင်း သိရပါသည်။

ကလေးအသက် လေးနှစ်မှ ရှစ်နှစ်အထိ နေ့စဉ် ကယ်လိုရီ ၈၀၀ မီလီဂရမ်နှင့် အဖွံ့ဖြိုးဆုံးအရွယ်ဖြစ်သည့် ၁၃ နှစ်မှ ၁၈ နှစ်အတွင်း နေ့စဉ် ကယ်လိုရီ ၁၀၀၀ လိုအပ်ပါသည်။

အသက် ၅၀ ကျော်တွင် အရိုးသန်မာမှုအတွက် ကယ်လိုရီ ၁၃၀၀ လိုအပ်ကြောင်းသိရပါသည်။ အရိုးများတွင် ကပ်နေသောခဲများကို ခွာချပေးပြီး ဆီးထဲမှတစ်ဆင့် စွန့်ထုတ်ပစ်စေသည်ဟု ဆို၏။

အင်္ဂလန်နိုင်ငံမှ အာဟာရဗေဒပါရဂူ ဒေါက်တာ ကယ်လီမိန်း (Dr. Kelly Maein) သည် ကလေး ၁၀၂ ဦးအား အုပ်စု နှစ်စုခွဲ၍ အုပ်စု (၁) အား နေ့စဉ် အစားအစာ ပုံမှန် သုံးနပ်ကျွေးခြင်း၊ အုပ်စု (၂) အား နေ့စဉ် ပုံမှန် သုံးနပ်အပြင် နွားနို့ ၆၀၀ စီစီ နေ့စဉ် ဖြည့်စွက်တိုက်ကျွေးစေခြင်း တို့တစ်နှစ်ကြာ သုတေသနပြုလုပ်ခဲ့ရာ အုပ်စု (၁)မှနို့မသောက်သည့် ကလေး၏အရပ်သည်၄ ဒသမ ၆၇ စင်တီမီတာရှည်ပြီး အုပ်စု (၂) မှ နို့သောက်သည့်ကလေးများ၏ အရပ်သည် ၆ ဒသမ ၆၈ စင်တီမီတာရှည်ကြောင်း အဖြေရရှိခဲ့သည်ဟုဆို၏။

တရုတ်နိုင်ငံဆေးတက္ကသိုလ်မှ အာဟာရပါရဂူများ သုတေသနပြုချက်အရ နွားနို့သောက်သည့် မူလတန်း ကျောင်းသားများသည် မသောက်သည့် ကလေးများထက် ခြောက်လအကြာတွင် သုည ဒသမ ၇၂ စင်တီမီတာပိုပြီး အရပ်ရှည်သည်ကို တွေ့ရသည်ဟုဆို၏။

အသည်းရောင်အသားဝါ (စီ) ရောဂါရှိသူများ နေ့စဉ် နွားနို့နှစ်ခွက် သကြားမထည့်ဘဲ သောက်သုံးပါက ကုသပျောက်ကင်းမှုတွင် အထောက်အကူပြုသည့်အပြင် နွားနို့ပိုပြီး သောက်သုံးသည့် လူကြီးများတွင် နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်းကြောင်းသိရပါသည်။

နှလုံးရောဂါဖြစ်ပွားသူများအား သုတေသနပြုရာတွင်

• နွားနို့မသောက်သူ နှလုံးရောဂါဖြစ်ပွားမှုနှုန်း ၁၀ ရာခိုင်နှုန်း၊

• နေ့စဉ်နွားနို့ ၂၅၀ စီစီသောက်သူ ရောဂါဖြစ်ပွားမှုနှုန်း ၆ ဒသမ ၃ ရာခိုင်နှုန်း

• နေ့စဉ်နွားနို့ ၅၀၀ စီစီ သောက်သူ ရောဂါဖြစ်ပွား မှုနှုန်း ၁ ဒသမ ၂ ရာခိုင်နှုန်းသာ ဖြစ်ကြောင်း တွေ့ရသည်ဆို၏။

အစာအိမ်ရောင်နာနှင့် အူအနာပေါက်သူများလည်း အမြဲသောက်သင့်ကြောင်းနှင့် ဓာတုကုထုံး (Chemotherapy) ဖြင့် ကုသမှုခံယူနေသည့် ကင်ဆာရောဂါသည်များ နွားနို့ လည်းသောက် မုန်လာဥနီလည်းစားပါက ဓာတုကုထုံး၏ ဘေးထွက်ဆိုးကျိုးများအား လျော့နည်းစေနိုင်ပြီး ကင်ဆာဆဲလ် ပြန့်ပွားမှုကိုလည်း တားဆီးနိုင်သည်ဟု သိရသည်။

ပရဆေးပင်များ ဆေးဖက်ဝင်ပုံကျမ်းတွင်လည်း-

• နို့ရည်သည် နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ် နှင့် ဘေလုံးတို့ကို အားတိုးစေသည်၊ လူကိုဝဖြိုးစေ သည်၊ အသားအရည်ဖြူစေသည်၊ စိုပြည်ချောမွေ့ စေသည်၊ ညှိုးချုံး ပိန်လှီးမှုကို ဖြည့်စွမ်းပြီး ဇီဝ စွမ်းအင်ကို အကျိုးပြုစေသည်ဟု ဖော်ပြထား ပါသည်။

• FAO ကလည်း ဖွံ့ဖြိုးမှုအကောင်းဆုံး ဆယ်ကျော် သက်အရွယ်လူငယ်ဘဝတွင် နေ့စဉ် ကယ်လိုရီ ၁၀၀၀ မှ ၁၂၀၀ မီလီဂရမ် ရယူသင့်သည်ဟုဆို၏။

နိုင်ငံတကာနှင့် နွားနို့

ဒုတိယကမ္ဘာစစ်အပြီး စီးပွားရေးမဖွံ့ဖြိုးသေးသည့် ဂျပန်နိုင်ငံသည် “နွားနို့တစ်ခွက် လူမျိုးတစ်မျိုး သန်စွမ်း စေရမယ် ဟု ကြွေးကြော်ခဲ့၏။ ၁၉၆၄ ခုနှစ်နောက်ပိုင်း တွင် ဂျပန်နိုင်ငံအစိုးရက ကျောင်းသားများအား နေ့လယ်စာကျွေးရာတွင် နွားနို့မပါမဖြစ် တိုက်ကျွေးရမည်ဟု ထုတ်ပြန်ခဲ့ပြီး ၁၉၄၅ ခုနှစ်မှ ၁၉၉၅ ခုနှစ်ကာလ အတွင်း ၁၁ နှစ်သား ဂျပန်ကလေးများ၏ ခန္ဓာကိုယ်အမြင့် ၁၁ ဒသမ၈စင်တီမီတာ ပိုမြင့်လာပြီး ကိုယ်အလေးချိန်မှာလည်း ၈ ဒသမ ၅ ကီလိုတိုးလာခဲ့သည်ကို တွေ့ရှိရသဖြင့် အနောက်နိုင်ငံ သုတေသီများက “ခန္ဓာကိုယ်ဖွံ့ထွား ကြံ့ခိုင်မှု၏ အံ့ဖွယ်ဖြစ်ရပ်ဟု ချီးကျူးခဲ့ကြ၏။

အမေရိကန်နိုင်ငံတွင် “နွားနို့ သုံးခွက် လှုပ်ရှားမှု စတင်ခဲ့ကြောင်း သိရ၏။ ၁၉၆၄ ခုနှစ်တွင် “ပြည်တွင်းကျောင်းသားများ နေ့လယ်စာဥပဒေ ကိုထပ်မံပြဋ္ဌာန်းပြီး ၁၉၆၆ ခုနှစ်တွင် “ကလေးသူငယ် အာဟာရဥပဒေကို တိုးချဲ့ပြဋ္ဌာန်းခဲ့ကြောင်းသိရ၏။

အိန္ဒိယနိုင်ငံတွင်လည်း နွားနို့သောက်သုံးရန် အတွက် “အဖြူရောင် တော်လှန်ရေး ဖြင့် လှုပ်ရှားခဲ့ရာ အိန္ဒိယလူမျိုးများ၏ သက်တမ်းပျမ်းမျှပိုရှည်လာသည်ဟု ဆို၏။

ယနေ့ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း အနာဂတ်တွင် လူကောင်းလူတော်များပေါ်ထွန်းလာစေ ရန်အတွက် ကလေးသူငယ်များ၏ အာဟာရပြည့်ဝစေရန် စာသင်ကျောင်းများတွင် နို့တိုက်ကျွေးရေး (School Milk Program) လုပ်ဆောင်ခဲ့ကြသည်ကိုလည်း တွေ့ရှိရပါ သည်။ အလွန်ကောင်းမွန်သော အစီအမံပင်ဖြစ်ပါသည်။ မွေးမြူထုတ်လုပ်မှုနှင့် စားသုံးမှုဟန်ချက်ညီရန်အတွက် နောင်တွင်လည်း နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ပြီး ပြည်တွင်းမှာပင် နို့စစ်စစ်ထုတ်လုပ်၍ တိုးမြှင့်စားသုံး နိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။ ။

Ref;

- World School Milk Programme (FAO)

- School Milk Programme (LBVD,MLF)

- ဆေးဖက်ဝင် ပရဆေးပင်များ

ခင်မောင်အေး(မွေး/ရေ)