နှာခေါင်းသွေးလျှံခဲ့ရင် ဘာလုပ်ကြမလဲ

လူတော်တော်များများက ဘဝမှ တစ်ခါလောက်တော့ နှာခေါင်းသွေးလျှံ ဖူးကြမှာပါ။ ကိုရီးယားကား ထဲကလို စာတွေအသည်းအသန်ကျက်မှ နှာခေါင်းသွေးလျှံတာမဟုတ်ပါဘူး။ နှာခေါင်းသွေးလျှံရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ကံကောင်းတာက အများစုက မစိုးရိမ်ရပါဘူး။ အိမ်မှာတင် သွေးတိတ်အောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် ဘယ်သူမဆို ကိုယ့်နှာခေါင်းထဲကနေ သွေးထွက်လာရင် လန့်တတ်ကြပါတယ်။ ဒါကြောင့် နှာခေါင်းသွေးလျှံတာ ဘာကြောင့်လဲ။ ရုတ်တရက်ဖြစ်လာခဲ့ရင် ဘာလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရအောင်။

 

နှာခေါင်းသွေးလျှံတာက ၂ မျိုးရှိပါတယ်။ Anterior nosebleedနဲ့ Posterior nosebleed ပါ။

 

• Anterior nosebleed (နှာခေါင်းအရှေ့ဘက်က သွေးယိုခြင်း)- ဒါကနှာခေါင်းသွေးလျှံတာနဲ့ အဓိက အကြောင်းရင်းပါပဲ။ နှာနုရိုးရဲ့ အခြေနားမှာရှိတဲ့ သွေးကြောလေးတွေကနေ သွေးထွက်တာပါ။ သိပ်မပြင်းထန်တဲ့အတွက် အိမ်မှာတင်ကုလို့ရပါတယ်။

 

•           Posterior nosebleed (နှာခေါင်းအနောက်ဘက်ကသွေးထွက်ခြင်း)- သူက Anterior nosebleedနောက် အဖြစ်မများပါဘူး။ အသက်ကြီးတဲ့သူတွေမှာ ပိုတွေ့ရပါတယ်။ နှာခေါင်းရဲ့ အနောက်ဘက်မှာရှိတဲ့ သွေးကြောကနေ သွေးထွက်တာပါ။ သူကပိုဆိုးတဲ့အတွက် ဆေးရုံတက်ပြီး ကုသမှုခံယူရတာ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုနဲ့ ပြသရတာမျိုးရှိတတ်ပါတယ်။

 

နှာခေါင်းသွေးလျှံတာက ဆောင်းတွင်းနဲ့ အေးမြခြောက်သွေ့တဲ့ ရာသီဥတုမှာ အဖြစ်များပါတယ်။ အသက်အရွယ် မရွေးဖြစ်ပွားနိုင်ပေမယ့် ၂နှစ်ကနေ ၁၀နှစ်ကြားကလေးနဲ့ ၅၀ကနေ ၈၀ကြား လူကြီးတွေမှာ အဖြစ်များပါတယ်။ ဘာကြောင့်လည်းတော့မသိပေမယ့် မနက်ပိုင်းမှာ နှာခေါင်းသွေး ပိုလျှံတတ်ပါတယ်။

ဘာကြောင့် နှာခေါင်းသွေးလျှံ ရတာလဲ

 

နှာခေါင်းသွေးလျှံ တာ တော်တော်များများက အကြာင်းရင်းရှာမရပါဘူး။ အဖြစ်အများဆုံးကတော့ နှာခေါင်းကို ထိခိုက်ဒဏ်ရာရတာပါပဲ။ တစ်ခုခုနဲ့ ဆောင့်မိတာ၊ ချော်လဲတာကြောင့် နှာခေါင်းသွေး လျှံတာများပါတယ်။ တခြားအကြောင်းရင်းတွေကတော့

 

•           ခြောက်သွေ့ပြီး ပူနွေးတဲ့နေရာမှာ အကြာကြီးနေတာ

•           နှာခေါင်းထဲ ရောဂါပိုးဝင်တာ၊ ထိပ်ကပ်နာဖြစ်တာ

•           နှာခေါင်းခဏခဏကလော်တာ

•           ဓာတ်မတည့် နှာစေးတာ

•           နှာခေါင်းထဲ ပစ္စည်းတစ်ခုခုဝင်နေတာ

•           ပြင်းပြင်းထန်ထန်နှာချေတာ

•           နှာခေါင်းခွဲစိတ်မှုလုပ်တာ

•           နှာနုရိုးစောင်းနေတာ၊ ပေါက်နေတာ

•           ကိုကင်းသုံးတာ စတာတွေပဲဖြစ်ပါတယ်။

 

တခြားအဖြစ်နည်းတဲ့အကြောင်းတွေကတော့

 

•           သွေးကျဲဆေးသောက်တာ

•           စတီးရွိုက်ပါတဲ့နှာခေါင်းဖြန်းဆေးတွေ ရေရှည်သုံးတာ

•           အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးရောဂါရှိတာ

•           ရှားရှားပါးပါး သွေးကြောရောဂါရှိတာ

•           သွေးတိုးပြီးနှာခေါင်းသွေးလျှံတာ (ဒါက ဖြစ်တာရှားပါတယ်။ အဖြစ်များတာက စိတ်လှုပ်ရှားလို့ သွေးတက်ပြီး နှာခေါင်းသွေးလျှံတာပါ။)

 

ကုသနည်းများ

 

ရုတ်တရက်နှာခေါင်းသွေးလျှံရင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ် သူများဖြစ်ဖြစ် နှာခေါင်းသွေးလျှံရင် အောက်က လွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးနဲ့ သက်သာအောင် လုပ်လို့ရပါတယ်။

 

•           အရင်ဆုံးစိတ်လျှော့ပါ။ မကြောက်ပါနဲ့။

•           ကိုယ်ကိုမတ်မတ်ထားပါ။ ခေါင်းကို ရှေ့နည်းနည်းငိုက်ထားပါ။  ဒါမှ သွေးတွေမျိုချမိပြီး ပျို့အန်တာ, ဝမ်းလျှောတာမျိုးမဖြစ်မှာပါ။ လှဲအိပ်တာ၊ ရှေ့ကို ကုန်းနေတာမျိုးမလုပ်ပါနဲ့။

•           ပါးစပ်ကနေ အသက်ရှူပါ။

•           တစ်ရှူးနဲ့ဖြစ်ဖြစ်၊ အဝတ်စိုနဲ့ဖြစ်ဖြစ် ထွက်လာတဲ့သွေးကို ခံပါ။

•           လက်မနဲ့ လက်ညိုးကိုသုံးပြီး နှာနုရိုးနဲ့ နှာခေါင်းရိုးဆုံရာကို ၅မိနစ်လောက်ညှပ်ထားပါ။

•           သွေးဆက်ထွက်သေးရင် နောက်ထပ်၁၀မိနစ်ထပ်ဖိပါ။

•           ရေခဲကပ်ချင်လည်းကပ်နိုင်ပါတယ်။

•           သွေးတိတ်သွားရင်တော့ ရှေ့ကိုကုန်းတာ၊ ဝမ်းညှစ်တာ၊ ပစ္စည်းအလေးတွေမတာ၊ ပြင်းပြင်းထန်ထန်နှာချေတာတွေကို ရက်အနည်းငယ်လောက်ရှောင်ပါ။

 

ဘယ်တော့ဆေးရုံသွားရမလဲ

 

•           အပါ်ကအတိုင်းလုပ်တာ ၁၅မိနစ်၊ မိနစ်၂၀လောက်မှမသက်သာရင်

•           သွေးထွက်မြန်ရင် ဒါမှမဟုတ် များရင် (လက်ဖက်ရည်တစ်ခွက်စာလောက်ထွက်ရင်)

•           အသက်ရှူရခက်ရင်

•           သွေးတွေအများကြီးမျိုချမိလို့ အန်ထွက်ရင်

•           တစ်ခုခုနဲ့ မျက်နှာကိုထိခိုက်မိလို့ နှာခေါင်းသွေးထွက်တာဆိုရင်တော့ ဆေးရုံကိုသွားတာအကောင်းဆုံးပါ။

 

ဒါ့ပြင်

 

•           မကြာမကြာနှာခေါင်းသွေးလျှံတတ်ရင်

•           သွေးအားနည်းတဲ့ လက္ခဏာတွေရှိရင် (နုံးတာ၊ မောတာ၊ ဖြူဖျော့တာ၊ မူးတာ)

•           သွေးကျဲဆေးတွေသောက်နေတာ ဒါမှမဟုတ် သွေးရောဂါတစ်ခုခုရှိနေပြီး သွေးမတိတ်တာ

•           ၂နှစ်အောက်ကလေး နှာခေါင်းသွေးလျှံတာ

•           ဆေးတစ်မျိုးစသောက်ပြီးမှ နှာခေါင်းသွေးလျှံတာ

•           နှာခေါင်းသွေးလျှံတာအပြင် ကိုယ်မှာ အညိုအမည်းကွက်တွေ ထွက်လာတာ (ဒါက သွေးရောဂါတစ်ခုခုရှိလို့ဖြစ်နိုင်ပါတယ်။)

 

နှာခေါင်းသွေးလျှံတယ်ဆိုတာ လူတိုင်းဖြစ်နိုင်ပါတယ်။ ဖြစ်လာရင်လည်း သိပ်မပြင်းထန်တာများတဲ့ အတွက် အိမ်တွင်းကုထုံးနဲ့တင် အဆင်ပြေနိုင်ပါတယ်။  မတော်တဆများကြုံလာခဲ့ရင် ကြောက်မနေဘဲနဲ့ ဒီအတိုင်းလိုက်လုပ်ကြည့်နိုင်ပါတယ်နော်။

 

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”