နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အိပ်မက်လမ်းတစ်သွယ်(၁)

မြင့်စိုး(နတလ)

ကျွန်တော်နှင့် နာဂဒေသ နိဒါန်းအစ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြဋ္ဌာန်းခြင်း မပြုသေးမီ အချိန်ကာလကတည်းက နာဂတိုင်းရင်းသား တိုင်းရင်းသူယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန (ယခင်နယ်စပ်၊ စည်ပင်ဝန်ကြီးဌာန)၏ ဖိတ်ကြားခေါ်ယူမှုဖြင့် လေရှီး၊ လဟယ်၊ နန်းယွန်း၊ ပန်ဆောင်ဒေသမှ နာဂ တိုင်းရင်းသား တိုင်းရင်းသူ လေ့လာရေး အဖွဲ့ဝင်များ ရန်ကုန်မြို့သို့ ရောက်ရှိလာကြပြီး တန်ခိုးကြီးဘုရားများ ဖူးမြော်ခြင်းနှင့် အမျိုးသားပြတိုက်၊ တပ်မတော်စစ်သမိုင်းပြတိုက်၊ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်များ အပါအဝင် လေ့လာသင့်သော နေရာအားလုံးကို ပို့ဆောင်လေ့လာစေခြင်းများ ပြုလုပ်ခဲ့သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကာလမှာလည်း အခြားသော တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ဖိတ်ကြားခေါ်ယူခြင်းခံရ၍ သူတို့ရောက်လာတတ်ကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ နီးပါးခန့်က သူတို့သီဆိုကပြဖျော်ဖြေသွားခဲ့သော “ကိုင်းအီလို” နာဂရိုးရာတေးသီချင်းလေး တစ်ပုဒ်ကို ယနေ့ထိ ကျွန်တော်မမေ့ခဲ့ပါ။

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(နတလ)တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ၁၉၉၅ ခုနှစ်မှ ၂၀၁၈ အထိ ၂၃ နှစ်တာကာလအတွင်း အခြားသော နယ်စပ်ဒေသအသီးသီးသို့ အရောက် အပေါက်များခဲ့သော်လည်း နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသသို့မူ တော်တော်နှင့် မရောက်နိုင်ခဲ့။ ၂၀၁၄ ခုနှစ်သို့ရောက်မှ လေရှီးမြို့တွင် ကျင်းပပြုလုပ်သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို အကြောင်းပြုလျက် စတင်ရောက်ဖူးခဲ့ခြင်း ဖြစ်ပါသည်။ ပုံမှန်ဆိုလျှင် နေပြည်တော်မှ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုသွား၊ ထိုမှ ဟုမ္မလင်းသို့ လေယာဉ်စီး၊ ဟုမ္မလင်းမှ ထမံသီကို ကားနှင့်ဆင်း၊ ချင်းတွင်းမြစ်ကိုဖြတ်၊ ထမံသီမှ လေရှီးသို့ ခရီးဆက်၊ သည်သို့ သည်နှယ်သာ သွားရမည်ဖြစ်၏။ သို့သော်ငြားလည်း ကျွန်တော်တို့အဖွဲ့ သွားလိုက်ပုံကတော့ နေပြည်တော်မှ မုံရွာသို့ ကားစီး၊ မုံရွာမှ ရေဦး-တန့်ဆည်လမ်းအတိုင်း မဟာမြိုင်တောကိုဖြတ်၊ ဖောင်းပြင်သို့ရောက်၊ ဖောင်းပြင်မှ ဟုမ္မလင်း၊ ဟုမ္မလင်းမှ ထမံသီကူးတို့ဆိပ် သို့ကူးကာ လေရှီးသို့ ချီတက်ခဲ့ကြခြင်းဖြစ်သည်။ ကျွန်တော်တို့အဖွဲ့ဆိုရာ၌ မုံရွာတွင် ဖဖရမှူးတာဝန် ထမ်းဆောင်နေသော ကိုအောင်ထွန်းခိုင် (ညွှန်မှူး-ငြိမ်း)၏ ရုံးအဖွဲ့ပါ ပါဝင်ခဲ့ခြင်းဖြစ်သည်။ လဟယ်၊ လေရှီး၊ နန်းယွန်း မည်သည့်မြို့နယ်မှာပဲ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်လုပ်လုပ်၊ မုံရွာရုံး၊ ခန္တီးရုံးတို့မှ နတလအဖွဲ့များ အတူပူးပေါင်း တာဝန်ထမ်းဆောင် ရစမြဲဖြစ်သည်။

နရတိကုန်းတော်မှ စာရာမေရိကို မျှော်ကြည့်ခဲ့သည်

အထက်ပါခရီးစဉ်အတိုင်း သွားခဲ့သော အကျိုးကျေးဇူးက မဟာမြိုင်တောကိုလည်း ဖြတ်ဖူးခဲ့သည်။ မဟာမြိုင်တောကြီးထဲမှာ ရွှေတိဂုံပုံတူလိုဏ်ပုံသဏ္ဌာန် တည်ထားသော လေးကျွန်းမာန်အောင် စေတီတော်ကြီးကိုလည်း ဖူးခွင့်ရခဲ့သည်။ မဟာမြိုင်တော၏ ဗဟိုချက်တွင်ရှိသောကြောင့် ချက်မဘုရားဟူ၍လည်း ဘွဲ့အမည်နာမ ခေါ်ဝေါ်ကြ၏။ ယင်းဘုရားပရဝဏ် အတွင်း၌ပင် ဗိဿနိုးမယ်တော်ကြီးနတ်နန်းကို တည်ဆောက်ထားသည်။ ထိုမှတစ်ဆင့် ခရီးဆက်ခဲ့ကြရာ အချိန်လင့်သွားသောကြောင့် ခါတွန်ဟု အမည်ရသောရွာလေးမှာ ညအိပ်ခဲ့ကြသည်။ ခါတွန်ရွာမှာ ခါတွန်သံမကြားခဲ့ရသော်လည်း ထိုနေ့ညက လေထန်မိုးသည်းသဖြင့် မိုးခြိမ်းသံတအုန်းအုန်း ကြားမှာ ညအိပ်ခဲ့ရသည်ကိုတော့ ယနေ့တိုင်မမေ့ခဲ့ပါ။ နောက်တစ်နေ့ ဖောင်းပြင်မှာ နေ့လယ်စာစားကြပြီး သက္ကယ်ကျင်း-ဖောင်းပြင်- ဟုမ္မလင်းလမ်းအတိုင်း မောင်းနှင်ခဲ့ကြရာ ဥရုချောင်းဘေးမှ တောမကမြို့မကျ နောင်ပိုအောင်၊ နမ့်တောရွာများကိုလည်း ရောက်ခဲ့ ကြသည်။ ထမံသီတစ်ဖက်ကမ်း ပင်းမာကျေးရွာ ကူးတို့ဆိပ်မှ ချင်းတွင်းမြစ်ကို ကူးတို့ဖောင်ဖြင့် ဖြတ်ကူးကာ ထမံသီသို့ ရောက်ခဲ့ရပါပြီ။ ထိုစဉ်က ကူးတို့ ဖောင်ပေါ်မှာ တွေးမိသောအတွေးတစ်ခုက နောင်ကာလတစ်ခုမှာ ထိုနေရာ၌ ချင်းတွင်းမြစ်ကူး တံတားကြီးတစ်စင်း ပေါ်ပေါက်လာခဲ့သော် ယခုကဲ့သို့ သွားလာခဲ့ရမှုအားလုံးကို ပြန်လည်လွမ်းမောတသ ရလိမ့်မည်ဟု။ ထိုအတွေးကို မှန်ကန်စေမည့် တံတားကြီးတစ်စင်း ထမံသီမှာ တည်ဆောက်နေကြောင်း ကြားသိရ၍ ဝမ်းသာမိပါသည်။

ထမံသီသို့ရောက်ခိုက်မှာ ၈၃၀ ဒသမ ၄ စတုရန်းမိုင်ကျယ်ဝန်းသော ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအကြောင်းကိုလည်း စေ့ငုလေ့လာ မေးမြန်းခွင့်ရခဲ့သည်။ ထမံသီမှာညအိပ်ပြီး နောက်တစ်နေ့ ခရီးဆက်ခဲ့ကြရာ အောင်ဇေယျကျေးရွာ၊ ဆုံကင်းကျေးရွာများကို ဖြတ်ကျော်လျက် နေဝင်ရီတရော အခါသမယမှာ လေရှီးမြို့လေးသို့ ဝင်ရောက်ခဲ့ကြပါသည်။ လမ်းခရီးက အလွန်ကြီးဝေးကွာ လှသည်မဟုတ်။ မိုးသည်းထန်စွာရွာထားသဖြင့် ကားမောင်းရတာ ထင်တိုင်းမပေါက်ခြင်း၊ လမ်းခရီးတစ်လျှောက် နတလဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝင်ရောက်ကြည့်ရှု စစ်ဆေးနေခြင်းတို့ကြောင့် ညနေစောင်းမှ လေရှီးသို့ ဝင်ရောက်သွားခြင်းဖြစ်သည်။ ရောက်လျှင်ရောက်ချင်း ကျွန်တော်သွားခဲ့သော နေရာကား နရတိကုန်းတော်သို့ ဖြစ်ပါသည်။ ထိုကုန်းတော်ပေါ်မှာ ဥရုဝေလစေတီတော်မြတ်ကြီးကို ဖူးမြော်မည်။ ပြီးလျှင် ကျွန်တော် အလွန်ကြည့်ချင် မြင်ချင်နေမိသော ဟိုးအနောက်မြောက်ယွန်းယွန်းဆီက စာရာမေရိတောင်ထွတ်ကြီးကို လှမ်းမျှော်ကြည့်ရှုမည်။ ရာသီဥတုသာယာလျှင် ရေခဲများဖုံးလွှမ်းနေသော စာရာမေရိတောင်ထွတ်ကြီးကို မြင်ခွင့်ရမည်ဟု သတင်းစကားကြားသိခဲ့ရသည့်အတိုင်း မိုးရွာပြီးစ မြင်ကွင်းရှင်းချိန်မှာ ရေခဲဖုံး စာရာမေရိတောင်ထွတ်ကြီးကို မြင်ခွင့်ကြုံခဲ့ပါပြီ။ လှပလွန်းပေစွ၊ ကျွန်တော်၏ နယ်စပ်ဝန်ထမ်းဘဝမှာ ပထမဆုံးမြင်ခဲ့ဖူးသော ရေခဲတောင်အလှပါပေတည်း။ 

လေရှီးမှ ဆပ်ပြာ၊ ချယ်ရာ၊ ပြီးတော့ ဆွမ္မရာ

လေရှီးဒေသသို့ရောက်ခိုက်မှာ ဆပ်ပြာရွာနှင့် ချယ်ရာရွာများသို့လည်း ရောက်ခဲ့သည်။ လေရှီး-ဆပ်ပြာ-ချယ်ရာ လမ်းအတိုင်းသွားပြီး နောက်ထပ် ၁၂ မိုင်ခန့် ခရီးဆက်လိုက်လျှင် မြန်မာ-အိန္ဒိယ နယ်စပ်ကို ရောက်ရှိသွားမည်ဖြစ်သည်။ ချယ်ရာရွာ လေးသည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဦးရူစံကြူး၏ ဇာတိရွာ ဖြစ်သည်။ ထိုလမ်းခရီးမှာ ဆပ်ပြာကနေ လှမ်းမျှော် ကြည့်လိုက်လျှင် ဟိုးမြင့်မားသော တောင်ချွန်ချွန် ထိပ်ဆီ၌ အိမ်စုလေး နှစ်အိမ် သုံးအိမ်နှင့် အမိမီဟု အမည်ရသည့် နာဂရွာလေးတစ်ရွာကို တွေ့ရပေ မည်။ မကူရီနာဂမျိုးနွယ်စုများ ဖြစ်ကြသည်ဆို၏။ ဆရာကြီး မနုဿကျော်ဝင်း၏ စာအုပ်များထဲတွင် ထိုရွာလေးအကြောင်းကို ဖွယ်ဖွယ်ရာရာ ခြယ်မှုန်းရေးသားထားဖူးကြောင်းလည်း သိခွင့်ရခဲ့သည်။ ထပ်မံသွားရောက်ခဲ့သည့် နေရာတစ်ခုကတော့ လေရှီး-ပန်ဆပ်-ဆွမ္မရာ ၃၉/၆ မိုင်လမ်းအတိုင်း ဆွမ္မရာမြို့လေးရှိရာသို့ဖြစ်သည်။ နတလလမ်း ဖြစ်သောကြောင့် လိုက်လံစစ်ဆေးကြည့်ရှုရင်း ဆွမ္မရာမြို့လေးအထိ ရောက်ရှိသွားခြင်းဖြစ်သည်။ ဆွမ္မရာသည် မြို့နယ်ခွဲ ဖြစ်ခဲ့ဖူး၏။ ဆွမ္မရာမှနေ၍ ကိုးမိုင်ခန့်အကွာတွင် အိန္ဒိယနယ်စပ် တဆွန်း (TUSOM) မြို့လေး ရှိနေပါသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ဆိုသည်မှာ

၂၀၁၆ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကိုတော့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးစိုက်ရာ လဟယ်မြို့မှာ ကျင်းပခဲ့သည်။ ထိုနှစ်ပွဲတော်သည် နာဂတိုင်းရင်းသားသွေးချင်းများအတွက် (၂၆) ကြိမ် မြောက်ပွဲတော်ဟု ဆိုနိုင်၏။ ရှေးပဝေသဏီကာလ ကတည်းက နာဂရိုးရာနှစ်သစ်ကူးပွဲတော်များကို သူတို့နေထိုင်ရာ ရွာအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့သည့် အစဉ်အလာ ရှိခဲ့သည်။ ကျင်းပသည့်ရက် မတူညီကြဘဲ အဆင်ပြေသလို လှည့်လည်သွားလာ၍ ပါဝင်ဆင်နွှဲ ခဲ့ကြသည်ဆို၏။ များသောအားဖြင့် မိရိုးဖလာ တောင်ယာလုပ်ငန်းခွင်များမှ ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးနောက် လာမည့်နှစ်သစ်တွင် လုပ်ငန်းခွင် မဝင်ခင် ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။ နှစ်သစ်ကူးပွဲတော်၌ တစ်နှစ်ပတ်လုံး အတွေ့အကြုံများကို ပြောဆိုဆွေးနွေးကြ၊ လာမည့်နှစ် လုပ်ငန်း ဆောင်တာများအတွက် ညှိနှိုင်းတိုင်ပင်ကြ၊ ပေးရန်ရရန်ရှိသော ကြွေးမြီများကို ပေးချေရှင်းလင်းကြ၊ လာမည့်နှစ်သစ်မှာ ရာသီဥတုမှန်ကန်ပြီး ကောက်ပဲသီးနှံများ အထွက်တိုးရန်၊ လူတိုင်းဖျားနာကင်းဝေးရန်၊ ချမ်းသာသုခရကြရန် ဆုမွန်ကောင်းတောင်းကြပြီး ရိုးရာသီချင်းများကို သီဆိုတီးမှုတ်ကပြကြကြောင်း လေ့လာသိရှိရသည်။ ယင်းကဲ့သို့ တစ်ရွာလျှင်တစ်ရက် လှည့်လည်ကျင်းပလာရာမှ ၁၉၅၆-၁၉၅၇ လောက်မှ စတင်ပြီး ကျေးရွာများစုပေါင်း၍ လည်းကောင်း၊ မြို့နယ်အဆင့်စုပေါင်း၍လည်းကောင်း ကျင်းပလာခဲ့ကြသည်။ ပွဲတော်ရက်ကိုလည်း အဆင်ပြေသလို သတ်မှတ်ခဲ့ရာမှ ၁၉၉၀ ပြည့်နှစ်မှစတင်၍ နှစ်စဉ် ဇန်နဝါရီ ၁၅ ရက်ကို ကျင်းပရန် သတ်မှတ်ခဲ့ကြပြီး နန်းယွန်း၊ လေရှီး၊ လဟယ်မြို့များတွင် အလှည့်ကျ ကျင်းပလာခဲ့ကြခြင်းဖြစ်ပါသည်။ နာဂပွဲတော်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ကူညီထောက်ပံ့မှုများကိုလည်း ပြုလုပ်ပေးခဲ့ရာ နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ပါဝင်ကူညီ ထောက်ပံ့ပေးခဲ့ကြသည်။

တိမ်တွေငိုတဲ့ ထိန်ညိုတောင်

လဟယ်မြို့ကိုတော့ဖြင့် ကျွန်တော် မကြာမကြာ ရောက်ခွင့်ကြုံခဲ့ပါသည်။ လဟယ်မြို့သို့အသွား ခန္တီးမှ ဆင်သေ၊ ဆင်သေနှင့် လဟယ်အကြားတွင် အမြင့်ပေ ၄၉၉၇ ပေရှိသော ထိန်ညိုတောင် တည်ရှိနေပါသည်။ ကားလမ်းမပေါက်မီက ထိန်ညိုတောင်ကို ခြေကျင်တက်ဖူးသူများ၏အပြောအရ မြင့်လွန်းအားကြီးသဖြင့် တိမ်တွေငိုတဲ့ ထိန်ညိုတောင်ဟု တင်စားခေါ်ဝေါ်ခဲ့ကြကြောင်း သိခဲ့ရသည်။ ထိန်ညိုတောင်ပေါ်တွင် Viewpoint လုပ်ထားသဖြင့် ထိုနေရာမှ လှမ်းမျှော်ကြည့်လျှင် ခန္တီးမြို့ကို တစ်စိတ်တစ်ပိုင်း လှမ်းမြင်ရတတ်သည်။

ထိန်ညိုတောင်ကို အကြောင်းပြု၍ အခြားမြို့ရွာ ဒေသများ၏ အမြင့်ပေများကို လေ့လာမေးမြန်းကြည့်ခဲ့ရာ လဟယ်သည် ပင်လယ်ရေအမြင့်အထက် ၄၃၁၃ ပေတွင် တည်ရှိနေပြီး လေရှီးက ၄၄၄၃ ပေ၊ နန်းယွန်းက ပေ ၁၁၀၀၊ ထန်ပါခွေက ၅၁၁၆ ပေ၊ မိုပိုင်းလွတ်က ပေ ၇၀၀၊ ဆွမ္မရာက ၆၄၀၈ ပေဖြင့် အမြင့်ဆုံး၊ ပန်ဆောင်က ပေ ၃၃၅၀၊ ဒုံဟီးသည် ပေ ၃၂၀၀ ရှိကြောင်း သိရသည်။ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးအနေဖြင့် ခြုံငုံကြည့်လျှင် တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများပြီး မြေပြန့်လွင်ပြင်ဟူ၍ နောင်ယန်းအင်းလွင်ပြင်နှင့် တကားဒေသလွင်ပြင်တို့သာ ရှိကြောင်းလည်း လေ့လာသိရှိခဲ့ရ၏။ လဟယ်မြို့ပတ်ဝန်းကျင်မှာတော့ မြောက်ဘက်တွင် ဖူဂျီဟုခေါ်သော အပင်လေး များစုဝေးပြီး ပေါက်နေသော ဖူဂျီတောင် ရှိနေပါသည်။ တောင်ဘက်တွင် ဒေသအခေါ် မာလာတောင်ရှိသည်။ ဝမ်လာထန်တောင်ဟူ၍လည်း ခေါ်ကြ၏။ အနောက်ဘက်တွင်မူ အာရီးကွေးတောင်  ရှိနေပါသည်။ လဟယ်မြို့လေးထဲမှာတော့ ကုန်းအမြင့်လေးပေါ်၌ ရွှေတိဂုံပုံတူ မြင်းမိုဦးစေတီက တင့်တယ်သပ္ပာယ်စွာ စံနေတော်မူပါသည်။

တကားကိုလည်း ရောက်ခဲ့သည်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျွန်တော် အလွန်ရောက်ချင်သွားချင်ပါလျက်နှင့် ရောက်ခွင့်မကြုံ သွားခွင့်မသာသော နေရာဒေသတချို့ ရှိနေပါသည်။ လဟယ်မှတစ်ဆင့်သွားရသော ဒုံဟီး၊ နန်းယွန်း၊ ပန်ဆောင်ဒေသများပါပေတည်း။ လဟယ်မှ ဒုံဟီး အထိ မိုင် ၆၀ ရှိသည်။ ဒုံဟီး-နန်းယွန်း ၄၁/၀ မိုင်၊ နန်းယွန်း-ပန်ဆောင် ၃၄/၀ မိုင် ဖြစ်သည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစတင်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးသို့ လုပ်ငန်းအပ်နှံဖောက်လုပ်ပေးခဲ့သော လမ်းများဖြစ်သည်။ ထိုမှ လမ်းများ အဆင့်မြှင့်တင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။ ရာသီမရွေးသွားလာနိုင်အောင် ရည်ရွယ်ဖောက်လုပ်ပေးခဲ့သော်လည်း တောင်ပေါ်ဒေသများဖြစ်၍ မိုးတွင်းကာလများတွင် အတက်အဆင်း မတ်စောက်သောနေရာများ၌ သွားလာရန်ခက်ခဲသည်။ ကျွန်တော်ရောက်ရှိသွားသည့် ၂၀၁၆-၂၀၁၇ ကာလများတွင် ထိုအခြေအနေအတိုင်း ကြုံခဲ့ ရ၍ လဟယ်မှ ဒုံဟီး၊ နန်းယွန်းသို့ မသွားရောက်နိုင်တော့ပါ။ ပန်ဆောင်ဒေသနှင့် နောင်ယန်းအင်းလွင်ပြင်သည် ကျွန်တော်နှင့် ရေစက်မဆုံနိုင်တော့ပေ။

သို့သော်ငြားလည်း နန်းယွန်းမြို့နယ်ထဲက တကားဆိုသော ဒေသသို့မူ ထူးထူးခြားခြား ရောက်ရှိ သွားခဲ့သည်။ ရောက်ခဲသောဒေသဖြစ်၏။ သွားလာ ရန်ခက်ခဲတာလည်းပါပါသည်။ နယ်စပ်ရေးရာ ဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ နမ့်ဖာ-တိုက်တီး-တကား ၅၅/၀ မိုင်ကို ဖောက်လုပ်ပေးခဲ့သည်။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်၍ ရေလမ်းဖြင့် တကားအထိ သွားရောက်နိုင်သော်လည်း မြစ်ရေနည်းချိန်တွင် သဘာဝအလျောက် ဖြစ်တည်နေသော ကျောက်ဆောင်၊ ကျောက်တုံး၊ ကျောက်ချွန်များက ကျော်လွှားသွားလာရန် မလွယ်ကူတော့ပေ။ ဒေသခံများက ၎င်းနေရာများကို ဆည်ဟုခေါ်ကြသည်။ ဆည်ကြီး၊ ကျောက်စိမ်းဆည်၊ နတ်သမီးဆည်ဟူ၍လည်း အမည်များပေးထားကြသည်။ ဆည်တစ်ခုချင်းမှာ ဟိုဘက်ဒီဘက် စက်လှေများပြောင်း၍ စီးနင်းသွားလာကြရသည်။ ဆည်တစ်ခုနှင့်တစ်ခုကြား စက်လှေများက လာစောင့် ပေးကြရသည်။ ရေတံခွန်လို ထိုးကျသွားသော နေရာများရှိ၍ စက်လှေမမှောက်ရန် သတိထားရသေး၏။ ကျွန်တော့်ခရီးစဉ် ပထမတစ်ခေါက်မှာ နမ့်ဖာ-တိုက်တီးကားလမ်းဖောက်လုပ်နေမှုကို ကွင်းဆင်း ကြည့်ရှုခဲ့ခြင်းဖြစ်၍ တကားသို့ မရောက်ခဲ့ပါ။

ဒုတိယတစ်ခေါက် ထပ်မံသွားရောက်သည့်အခါ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆည်ကြီးများကိုဖြတ်၍ တိုက်တီးအထိ သွားရောက်ခဲ့သည်။ အတက်အဆင်း ခြောက်ခါလောက်လုပ်ရသဖြင့် တိုက်တီးသို့ ရောက်ချိန်မှာ မွန်းလွဲခဲ့ပြီ၊ တိုက်တီးမှ ဆိုင်ကယ်များ စီး၍ ကဲဆန်၊ ကျမ်းတုံး၊ ဟွေနုတ်ရွာများကိုဖြတ်ပြီး တကားသို့ နေဝင်ကာနီး ရောက်ခဲ့သည်။ တကားသည် အိမ်ခြေ ၄၀၀ ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်၏။ နန်းယွန်းမြို့နယ်အပိုင်ဖြစ်သော်လည်း နန်းယွန်းမှ လာရန်မလွယ်ကူပေ။ တကားဒေသအတွက် လမ်းများ ဖောက်လုပ်ပေးသည့်အပြင် ဘုန်းကြီးကျောင်း တစ်ကျောင်း၊ အမက နှစ်ကျောင်း၊ တကားအလက (ယခုအထက)၊ ဝန်ထမ်းများအတွက် လေးခန်းတွဲ ဝန်ထမ်းအိမ်ရာတို့ကိုလည်းကောင်း၊ သောက်သုံးရေရရှိရေးနှင့် ဆိုလာမီးအစုံ ၄၂၀ တပ်ဆင်ရေးကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ပါသည်။

တကားမှ အပြန်ခရီးကိုမူ ဆိုင်ကယ်မစီးတော့ဘဲ တကားချောင်းအတိုင်း ချင်းတွင်းမြစ်ရှိရာကို စက်လှေများစီး၍ ဆင်းခဲ့သည်။ တကားချောင်းနှင့် ချင်းတွင်းမြစ် ပေါင်းဆုံသည့်နေရာတွင် အင်္ဂလိပ်အက္ခရာ ဝိုင်ပုံသဏ္ဌာန် ရှိနေပါသည်။ ထိုနေရာမှစ၍ ချင်းတွင်းမြစ် အထက်ပိုင်းကို ချင်းတွင်းမြစ်ဟုမခေါ်ကြတော့ဘဲ တနိုင်းခချောင်းဟူ၍သာ ခေါ်ကြတော့၏။ ကချင်ပြည်နယ် တနိုင်းနှင့် ရှင်ဘွေယန်ဒေသများမှာ မြစ်ဖျားခံလာသော တရုံချောင်း၊ တဝမ်ချောင်းများ အပါအဝင် ချောင်းငယ်များ စုပေါင်းစီးဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော ခြောက်နှစ်ခန့်က ရောက်ခဲ့ဖူးသည့် တကားဒေသ၊ ယခုချိန်မှာ မည်သို့မည်ပုံတွေများ ပြောင်းလဲနေပြီမသိ၊ တကားချောင်းရေ ကြည်ကြည်လင်လင်ပေါ်မှာ စက်လှေဖြတ်မောင်းပြီး ချင်းတွင်းမြစ်ရှိရာသို့ ပြန်လည်ထွက်ခွာလာသော ထိုခရီးစဉ်ကို ကျွန်တော်မမေ့တော့ပါ။

(ဆက်လက်ဖော်ပြပါမည်)