ထန်ပါခွေ ၂၃ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့တွင် နာဂဒေသ အသုံးအဆောင်များဖြစ်သော တစ်ပိုင်တစ်နိုင် ကြိမ်ပလိုင်း၊ တောင်းများ၊ ရိုးရာဆန်ကောများ ယက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေ ရရှိလျက်ရှိသည်။
ပလိုင်းတစ်ခုရက်လုပ်လျှင် အချိန် ၄ နာရီခန့် ကြာမြင့်ကြောင်း၊ ကုန်ကြမ်းပစ္စည်းအနေဖြင့် ဝါး၊ ကြိမ်၊ နှီး များကို အသုံးပြုကြောင်း၊ ပလိုင်းတစ်ခုလျှင် ၁၀၀၀၀ ကျပ် ဝင်ငွေရရှိကြောင်း၊ ပလိုင်းများကို ဒေသခံများက ထင်းခွေ၊ ရေခပ်၊ တောင်ယာသွားသည့်အချိန်တွင် ထည့်စရာအဖြစ် ဘက်စုံအသုံးပြုကြကြောင်း၊ အချို့ကလည်း ပလိုင်းများကို လက်ဆောင်ပေးရန်အတွက် မှာယူကြကြောင်း၊ ပလိုင်းအစိတ်၊ အကျဲ၊ အသေး၊ အကြီးပေါ်မူတည်၍ ဈေးနှုန်း အပြောင်းလဲရှိကြောင်း၊ ရိုးရာဆန်ကောများကို ရက်လုပ်ရာတွင်နှီးကို အများဆုံးအသုံးပြုပြီး ဝါး၊ ကြိမ်များဖြင့် ရက်လုပ်ခြင်းဖြစ်ကြောင်း၊ တောင်ယာနားသည့်အချိန်တွင် ပလိုင်းယက်လုပ်ခြင်းဖြင့် တစ်ဖက်တစ်လမ်းကနေ မိသားစုဝင်ငွေရရှိကြောင်း ဒေသခံ ပလိုင်းယက်လုပ်သူ ဦးဟန်ကြည်က ပြောသည်။
အဆိုပါမြို့တွင် ကြိမ်၊ နှီး၊ ဝါးများဖြင့် ပြုလုပ်ထားသည့် နာဂဒေသအသုံးအဆောင်ဖြစ်သော ပလိုင်းအစိတ်၊ အကျဲ၊ ဆန်ချိန်သည့်တောင်း၊ တောင်းအသေး/အကြီး၊ ငါးဖမ်းမြှုံး၊ ရိုးရာဆန်ကောများ အစရှိသည်တို့ကို ဒေသခံများက အများဆုံး အသုံးပြုလျက်ရှိသည်။
ဟန်ထွန်း(အင်းဝ)


