နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ အသုံးပြုရန် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ ငွေကျပ်သန်းပေါင်း ၂၄ ဘီလီယံကျော် အသုံးပြုခဲ့

မုံရွာ ၁၈ ဇန်နဝါရီ    


စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလအကုန်အထိ ငွေကျပ်သန်းပေါင်း ၂၄,၆၅ဝ ဒသမ ၈၄၁ ကို အသုံးပြုခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ ပြောကြားချက်အရ သိရသည်။


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီးလင်းရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ မြို့တွင်းလမ်းများနှင့် ကျေးလက်ဒေသများသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းများနှင့် တံတားများကောင်းမွန်ရေးစသည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါထောက်ပံ့ငွေများတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ခွင့်ပြုငွေကျပ် ၉၂၁၄ ဒသမ ၇၉၇ သန်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနခွင့်ပြုငွေကျပ် ၂၂၆၅ ဒသမ ၇၂၄ သန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၉၂ ဒသမ ၇၈၀ ၊ လမ်းဦးစီးဌာနခွင့်ပြုငွေကျပ် ၈၈၉၉ ဒသမ ၇၇၈ သန်း၊ ပညာရေးကဏ္ဍအတွက် ငွေကျပ် ၅၂၆ ဒသမ ၈ဝဝ သန်း၊ ကျန်းမာရေးကဏ္ဍအတွက်ငွေကျပ် ၉၃၃ သန်းနှင့် အခြားဝန်ကြီးဌာနများမှ ခွင့်ပြုငွေကျပ် ၂၆၁၇ ဒသမ ၉၆၂ သန်းတို့အား အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသော နာဂဒေသ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာရေးအတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့မှ လုပ်ဆောင်လျက်ရှိရာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လဟယ်၊ လေရှီးနှင့် နန်းယွန်းမြို့များသို့ တစ်မြို့နယ်လျှင် Back Hole တစ်စီး Roller တစ်စီးနှင့် Dump Truck တစ်စီးတို့အားလည်းကောင်း၊ ၎င်းမြို့နယ်သုံးခုအတွင်း လတ်တလော ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်ပါက ထောက်ပံ့ပေးနိုင်ရန်အတွက် ဆန်အိတ် ၃ဝဝဝ စုဆောင်းထားရှိမှုများကို လုပ်ဆောင်ထားကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)