MYTEL မှ စာသင်ကျောင်း ၅၀ဝဝ ကျော်အား အင်တာနက်အခမဲ့ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်

ရန်ကုန်  ၂၂ ဇွန်

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အော်ပရေတာတစ်ခုဖြစ်သည့် Telecom International Myanmar Company Limited (Mytel)မှ တစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေး တာဝါတိုင် ၅၀ဝဝကျော် တပ်ဆင်တည်ဆောက်ထားပြီး Mytel သုံးစွဲသူ Customer တစ်သန်း ကျော်ရှိသွားပြီးဖြစ်ကာ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း Mytel မှ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောသည်။

ယနေ့ မွန်းလွဲ (၁)နာရီက ရန်ကုန်မြို့ PARKROYAL HOTEL တွင်ပြုသည့် Mytelမှ နိုင်ငံတော်သို့ အခွန်ပေးဆောင်နေမှု၊ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက် နေမှု၊ သုံးစွဲသူ Customer များအား ဝန်ဆောင်မှုပေးနေခြင်းတို့နှင့် စပ်လျဉ်းပြီး စာနယ်ဇင်း ရှင်းလင်းပွဲတွင် Mytel မှ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ထိုသို့ပြော ကြားခြင်းဖြစ်သည်။

ထပ်မံ၍ ပြင်ပတွင် Mytelနှင့်ပတ်သက်ပြီး ထွက်ပေါ်နေသည့် သတင်းများ နှင့် စပ် လျဉ်းပြီး ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက '' Mytelက အခွန်မ ပေးဘဲ ဈေးလျော့ရောင်းနေတယ်ဆိုပြီး ပြောကြတယ်။ တခြားရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ ကုမ္ပဏီ တွေ အတိုင်းပဲ အခွန်ပေးရပါတယ်။ ဈေးလျော့ ရောင်းတယ်ဆိုတာကလည်း ဈေးကွက် ကို အခုမှစဝင်လာတဲ့အတွက် အော်ပရေတာ အသစ်ဝင်လာရင် ဈေးလျော့ရောင်းချခွင့် ပေးထားတဲ့အတွက် ဈေးလျော့ရောင်းတာပါ။ ဈေးကွက်ကို မထိခိုက်နိုင်တဲ့ ဈေးပဲရောင်း တာပါ '' ဟု Mytelမှ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦး က ပြောသည်။

Mytel အနေဖြင့် ဝ၉၆၉ နှင့်စသည့် ဖုန်းနံပါတ်ဂဏန်းများကိုလည်း ကိုယ်တိုင် ရွေးချယ်ထားခြင်းမရှိဘဲ နောက်ဆုံးဝင်ရောက်လာသည့် အော်ပရေတာတစ်ခုဖြစ် သည့်အတွက် ကျန်ရှိနေသည့် နံပါတ်များကိုသာ ရယူခြင်းဖြစ်ကြောင်း Mytel မှ ပြင်ပ ဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦး က ပြောသည်။

Mytelမှ လူမှုအကျိုးပြုလုပ်ငန်းအနေဖြင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ အပါအဝင် ပညာရေး နှင့် နှီးနွယ်သည့်စာသင်ကျောင်း ၅၀ဝဝ ကျော်အား အင်တာနက်အခမဲ့ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်အထိ စာသင်ကျောင်း (၁၃) ကျောင်းအား အင်တာနက်အသုံးပြုနိုင်ရန် တပ်ဆင်ပေးပြီးဖြစ်ကြောင်း ယနေ့ အခမ်းအနားမှ သိရ သည်။

'' Mytel အနေနဲ့ CSR ကဏ္ဍမှာ ပညာရေးကိုအထူးအာရုံစိုက်ထားတယ်။အဓိက ဘတ်ဂျတ်မတတ်နိုင်တဲ့ကျောင်းတွေ အင်တာနက်အခမဲ့လုပ်ပေးမယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကျောင်းတွေကိုလည်း အင်တာနက်အခမဲ့တပ်ဆင်ပေးသွားမယ် '' ဟု ဦးဇော်မင်းဦး က ပြောသည်။

Mytelသည် 2G နှင့် 4G စနစ်ကို အထောက်အပံ့ပေးထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် 4G ကွန်ယက်ကို ပံ့ပိုးပေးနိုင်သည့် တစ်ခုတည်းသော အော်ပရေတာဖြစ်ကာ တစ်နိုင်ငံလုံး ဖိုက်ဘာကေဘယ်လ် ကီလိုမီတာ ၃၀ဝဝဝ တပ်ဆင်နိုင်ခဲ့၍ မြန်မာတစ်နိုင်ငံလုံးရှိ Fiber Optic အခြေခံအဆောက်အအုံ တပ်ဆင် မှုအားလုံး၏ ၅၀ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း Mytel မှ သိရသည်။

သတင်း- မင်းသစ်(MNA)
ဓာတ်ပုံ - နေလင်း