MYTEL ၏ ထူးခြားကောင်းမွန် ပြည့်စုံသော ဝန်ဆောင်မှုများနှင့် အဆင့်မြင့် နည်းပညာများ မိတ်ဆက်ပွဲကျင်းပ

နေပြည်တော် ၁၀ ဇွန်

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အော်ပရေတာတစ်ခုဖြစ်သော Telecom International Myanmar Company Limited(Mytel) ၏ ထူးခြားကောင်းမွန် ပြည့်စုံသော ဝန်ဆောင်မှုများနှင့် အဆင့်မြင့်နည်းပညာများ မိတ်ဆက်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Pullman Yangon, Centerpoint Hotel ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 

 

ထို့နောက် ဗီယက်နမ်နိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Nguyen Minh Hong က ဂုဏ်ပြုအမှာစကား ပြောကြားပြီး Telecom International Myanmar Co. Ltd (Mytel)  အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗီယက်နမ် ပြည်သူ့တပ်မတော် အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Senior Lieutenant  General  Tran Don  နှင့် တာဝန်ရှိသူများသည် Mytel အမှတ်တံဆိပ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး နည်းပညာပြခန်းများ အတွင်းရှိ ပညာရေး အထောက်အကူပြု ဝန်ဆောင်မှု၊ စိုက်ပျိုးရေး အထောက်အကူပြု ဝန်ဆောင်မှု၊ ကျန်းမာရေး အထောက်အကူပြု ဝန်ဆောင်မှုနှင့် အခြားအသုံးပြုနိုင်သည့် နည်းပညာ ဝန်ဆောင်မှုများအား လိုက်လံကြည်ရှုကြသည်။

Telecom International Myanmar Company Limited (Mytel) ကိုမြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ Mytel   သည် 2 G နှင့် 4 G  စနစ်ကို အထောက်အပံ့ပေးထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် 4G ကွန်ယက်ကို  ပံ့ပိုးပေးနိုင်သည့် တစ်ခုတည်းသော အော်ပရေတာဖြစ်သည်။ တစ်နိုင်ငံလုံး ဖိုက်ဘာ ကေဘယ်လ် ကီလိုမီတာ ၃၀ဝဝဝ တပ်ဆင်နိုင်ခဲ့၍ မြန်မာတစ်နိုင်ငံလုံးရှိ Fiber Optic  အခြေခံ အဆောက်အအုံ တပ်ဆင်မှုအားလုံး၏ ၅၀ ရာခိုင်နှုန်းခန့်ကို ပံ့ပိုးပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်၊ မြို့ပေါင်း ၃၀ဝ ကျော်ကို လွှမ်းခြုံနိုင်မည်ဖြစ်သည်။

ထို့အပြင်နောက်ဆုံးပေါ် VoLTE နည်းပညာကို သုံးစွဲထားသဖြင့် သုံးစွဲသူများကို ဒေတာနှင့်အသံ တစ်ပြိုင်နက်တည်း အသုံးပြုနိုင်စေပြီး ပိုမိုကောင်းမွန်သော ကွန်ရက်အရည်အသွေးကို ရရှိနိုင်မည်ဖြစ်သည်။ Mytel  SIM  ကဒ်စတင် သုံးစွဲမည့်သူများအနေဖြင့် ၁၅၀ဝ MB နှင့် မိနစ် ၁၅၀ အခမဲ့ အသုံးပြုခွင့်ကိုလည်း ပထမ ၃ လအတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး ရိုးရှင်းသော ငွေဖြတ်စနစ်ဖြစ်သည့် Charging Block 1s+1s  ဖြင့်ဖုန်း ခေါ်ဆိုရာတွင် ကြာမြင့်သည့် အချိန်လိုက်သာ ကောက်ခံမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်အတွက် ကြီးစွာအထောက်အကူ ပြုနိုင်သည့် ခေတ်မီ လယ်ယာစိုက်ပျိုးရေး၊ ခေတ်မီပညာရေး၊ ခေတ်မီကျန်းမာရေး စောင့်ရှောက်မှုနှင့် Mytel ၏စုံလင်လှသော အခြား ဝန်ဆောင်မှုများကိုလည်း အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ Mytel 4G Sim Card နှင့် ငွေဖြည့်ကတ်များကို ယခုအခါ နိုင်ငံအနှံ့ရှိ အမှတ်တံဆိပ် အရောင်းဆိုင်ပေါင်း ၅၀ ၊ တစ်ဆင့် အရောင်းဆိုင်ပေါင်း ၅၀ဝဝဝ တွင် အဆင်ပြေ လွယ်ကူစွာ ဝယ်ယူအသုံးပြနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)