MyCO စနစ်ဖြင့် မှတ်ပုံတင်သည့် ကုမ္ပဏီ တစ်နှစ်ခွဲအတွင်း ခြောက်သောင်းရှစ်ထောင်ခန့်ရှိ

၆  မတ်

 

MyCO စနစ်ဖြင့် မှတ်ပုံတင်သည့် ကုမ္ပဏီ တစ်နှစ်ခွဲအတွင်း ခြောက်သောင်းရှစ်ထောင်ခန့် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

 

၂၀၁၇ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သည့် ကုမ္မဏီဥပဒေအရ အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MyCO) အသုံးပြု၍ မှတ်ပုံတင်ရမည်ဖြစ်ကာ အဆိုပါစနစ်ကို ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်မှ စတင် ကျင့်သုံးလျက်ရှိရာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ  ၂၉ ရက်နေ့အထိ တစ်နှစ်ခွဲအတွင်း ကုမ္ပဏီ အသစ် (၂၁၅၂၁) ခုနှင့် ပြန်လည်မှတ်ပုံတင်သည့် ကုမ္ပဏီအဟောင်း (၄၆၃၇၇) ခု စုစုပေါင်း ကုမ္ပဏီ ၆၇၈၉၈ ခုကို မှတ်ပုံတင်နိုင်ခဲ့သည်။

 

အဆိုပါ အီလက်ထရောနစ် မှတ်ပုံတင်စနစ် (MyCO) အသုံးပြု၍ မှတ်ပုံတင်သည့် ကုမ္ပဏီအသစ်မှာ လည်း  လစဉ် တစ်ထောင်ကျော်ရှိပြီး မှတ်ပုံတင်ရာတွင်လည်း  Manual Filings ကို အသုံးမပြုဘဲ Oline Application ကိုသာ ၁၀၀ ရာခိုင်နှုန်း အသုံးပြုလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

 

ထို့ပြင် မှတ်ပုံတင်ထားသော ကုမ္ပဏီ အဟောင်းနှင့်အသစ်များအနေဖြင့်လည်း မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ (၂၀၁၇) အရ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီ အားလုံးသည် ဥပဒေပုဒ်မ ၉၇ အရ Myanmar Companies Online (MyCO) တွင် နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) ကို ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်းနှင့် နှစ်စဉ်အနည်းဆုံး တစ်ကြိမ် (နှစ်ပတ်လည် ကုန်ဆုံးပြီးနောက် တစ်လထက် နောက်မကျဘဲ) တင်ပြရမည် ဖြစ်ကြောင်း၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများသည် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၂၆၆ (က) အရ နှစ်စဉ်အစီရင်ခံစာ ပေးပို့သည့်အချိန်နှင့် တစ်ပြိုင်တည်း ၎င်း၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကို ပုံစံ ဆ-၅ (G-5) ဖြင့် တင်ပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ ၅၃(က-၁) အရ ပြည်ပကော်ပိုးရေးရှင်း (overseas corporation) အားလုံးသည် ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး ၂၈ ရက်အတွင်း နှစ်စဉ်အစီရင်ခံစာကို သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် MyCO တွင် တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ကုမ္ပဏီများသည် နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) ကို AR Due Date ဖော်ပြထားသည့် ရက်စွဲအတိုင်း တင်ပြရမည်ဖြစ်သော်လည်း ယခုနှစ် ဖေဖော်ဝါရီ လအထိ AR တင်ပြရန် ပျက်ကွက်ခဲ့သော Suspended ဖြစ်နေသည့် ကုမ္ပဏီစုစုပေါင်း (၉၁၇၅) ခု ရှိကြောင်း သိရသည်။

 

ထို့ကြောင့် အသစ်တည်ထောင်ထားသော ကုမ္ပဏီများသည် ကုမ္ပဏီ ဖွဲ့စည်းပြီးသည့်နေ့မှ ၂ လအတွင်း တင်ပြရန်နှင့် မတင်ပြပါက နောက်ကျကြေး ကျပ် ၁၀၀,၀၀၀ ပေးဆောင်ရမည် ဖြစ်ကြောင်း၊ AR form အား ၁၃ လအတွင်း မတင်ပြပါက တင်ပြရန် ပျက်ကွက်ခဲ့မှုအတွက် ပုံစံ (ဈ-၉က) (I-9A) ဖြင့် system မှ Company Status တွင် ရပ်ဆိုင်းရန် အကြောင်းကြားစာ ပေးပို့မည်ဖြစ်ကာ  I-9A လက်ခံရရှိသည့်နေ့မှ ၂၈ ရက်အတွင်း AR form တင်ပြလာခြင်း မရှိသေးပါက system မှ Company Status တွင် ဆိုင်းငံ့စာရင်း (Suspended) သို့ ပြောင်းလဲမည် ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ကုမ္ပဏီ တစ်ခုသည် ဆိုင်းငံ့စာရင်း (Suspended) အခြေအနေသို့ ရောက်ရှိနေပါက AR form နှင့် နောက်ကျကြေးများ ( AR + Late Fee) ဦးစွာ ပေးသွင်းပြီးမှ ဆိုင်းငံ့ထားခြင်းကို ပြန်လည်ရုပ်သိမ်းရန်အတွက် တင်ပြလျှောက်ထားလွှာ ပုံစံ (ဈ-၉ဃ) (I-9D) ဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ပေးပါရန် တင်ပြရမည်ဖြစ်ကြောင်း၊ ဆိုင်းငံ့စာရင်း (Suspended) ဖော်ပြခံထားရသော ကုမ္ပဏီများအနေဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ရန် အတွက် (AR Fee (50,000) + Late Fee (100,000) + I-9D Company Restoration Fee (100,000) ) ငွေကျပ်  ၂၅၀၀၀၀  ကုန်ကျမည်ဖြစ်ကြောင်း၊ ဆိုင်းငံ့ စာရင်း (Suspended) စတင်ဖော်ပြခံရသည့်နေ့မှ ၆ လအတွင်း AR Form မတင်ပြပါက System မှ Company Status တွင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် ပြောင်းလဲ ဖော်ပြ သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထား သည်။

 

ငြိမ်းငြိမ်း