မယ်စဲ့တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျင်းပ

မယ်စဲ့ ၂၀  သြဂုတ် 


ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ယမန်နေ့က မယ်စဲ့မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။


ကျန်းမာရေး ပညာပေး ဟောပြောပွဲကို ကျင်းပရာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန် က ဆယ်ကျော်သက်အရွယ် ကျန်းမာရေးပညာပေးနှင့် အာဟာရပြည့်ဝသော အစားအစာများကိုလည်းကောင်း၊ သွားနှင့် ခံတွင်း ဆရာဝန်ဒေါက်တာမြတ်စိုးဦးက စနစ်မှန် သွားတိုက်နည်းကိုလည်းကောင်း၊ ကျေးလက်ကျန်းမာရေးမှူး ဦးကျော်ခိုင်က ရာသီတုပ်ကွေး H1N1 ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် ဆေးလိပ်ဆေးရွက်ကြီး၏ အန္တရာယ်များကိုလည်းကောင်း ဟောပြောခဲဲ့ကြသည်။ 


ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား မျက်စိ၊ အကြားအာရုံ၊ တစ်ကိုယ်ရေသန်ရှင်းရေး၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေကျန်းမာရေးတို့ကို စစ်ဆေးကုသပေးခြင်းနှင့် မူလတန်းကလေးငယ်များအား အာဟာရ အခြေအနေ တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ 


ဆက်လက်၍ မူလတန်းကလေးငယ်များ လက်ဆေးခြင်း အလေ့အထ ရရှိစေရန်နှင့် သွားနှင့်ခံတွင်း သန့်ရှင်းသည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ သွားနှင့်ခံတွင်း ဆရာဝန်ဒေါက်တာမြတ်စိုးဦး၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ ပူးပေါင်း၍ လက်ဆေးနည်း သရုပ်ပြသခြင်းနှင့် စနစ်မှန် သွားတိုက်နည်းအဖြစ် နေ့လည်စာစားပြီးသွားတိုက်နည်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ကာ သွားတိုက်ဆေး၊ သွားတိုက်တံတို့ကို ဝေငှပေးခဲ့သည်။


ထို့နောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး နှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းအား သွားရောက်စစ်ဆေးပြီး စားသုံးရန် မသင့်သည့်အစားအစာများ၊ သက်တမ်း ကုန်လွန်သည့် မုန့်များ ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့သည်။ ယင်းနောက် ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရေကောင်းရေသန့်ရရှိရေး၊ အိမ်သာသန့်ရှင်းရေးနှင့် အမှိုက်သရိုက်များ စနစ်တကျသိမ်းဆည်းမှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။


ဝတ်ရည်(ပြန်/ဆက်)