မယ်စဲ့မြို့နယ်တွင် တောမီး/တောင်ယာမီးရှို့မှုများကြောင့် လျှပ်စစ်ဓာတ်အားများ မကြာခဏ ပြတ်တောက်

မယ်စဲ့  ၆  မတ်

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မှ မြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား ဓာတ်အားလိုင်း၏ သတ်မှတ်ဧရိယာ အတွင်း တောမီး/တောင်ယာမီးများ မရှို့ကြရန် အသိပေးထားသော်လည်း လိုက်နာမှုမရှိဘဲ စည်းကမ်းမဲ့ မီးရှို့မှုများကြောင့် မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ သိရသည်။

 

852

 

ယင်းကဲ့သို့ မီးရှို့မှုများကြောင့် မတ် ၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဟိုစဲ့-လမ်းဆုံ ကျေးရွာချင်း ဆက်လမ်း မိုင်တိုင်အမှတ်(၄)တွင် တောမီးလောင်ကျွမ်းမှုကြောင့် ဓာတ်အားလိုင်းပေါ်သို့ လုံးပတ် (၄ ပေခွဲ)ခန့် သစ်ပင်ကြီး လဲကျပိမိသဖြင့် ဓာတ်အားလိုင်းကြိုးများ ပြတ်တောက်ခြင်း၊ ဓာတ်အား လိုင်းတိုင်တစ်တိုင်နှင့် ဆက်စပ်ပစ္စည်းများ ကျိုးပဲ့ပျက်စီးသွားခဲ့ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုများ ဖြစ်ပေါ်ခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်စန်းနှင့် လျှပ်စစ် ဝန်ထမ်းများက ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မြို့ပေါ်ရပ်ကွက်နှင့် ဟိုစဲ့ကျေးရွာတို့အား လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဝေနိုင်ခဲ့ပြီး ပျက်စီးသွားသော ဓာတ်အားလိုင်းအား ပြန်လည် ပြင်ဆင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)