မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ပူးပေါင်းပေါင်းစစ်ဆေးရေးဂိတ်များဖွင့်

မယ်စဲ့ ဇူလိုင်  ၁၀

 

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားလာသဖြင့် မယ်စဲ့မြို့နယ်အတွင်းသို့ ကူးစက် ပြန့်ပွားမှု မရှိစေရေး ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဝမ်ကန်ကျေးရွာနှင့် နယ်စပ် ကုန်သွယ်ရေး ဂိတ်တို့တွင် ပူးပေါင်းစစ်ဆေးရေးဂိတ် (၂) ခုဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ရောဂါပိုးရှိသူများနှင့် ထိစပ်မှုရှိ/မရှိ မေးမြန်းခြင်း၊ ခရီးသွားရာဇဝင် မေးမြန်းခြင်း၊ မြို့နယ်အတွင်း ဝင်ရောက်လာသူများအား လာရောက်သည့်ဒေသမှ ကျန်းမာရေး ထောက်ခံချက်များပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းတို့ကို နေ့စဉ် နံနက် ၆ နာရီမှ ည ၆ နာရီအထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မယ်စဲ့မြို့နယ်သို့ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသူများအား အသွားအလာ ကန့်သတ်နေထိုင်နိုင်စေရန် မြို့နယ်ခန်းမနှင့် အားကစားခန်းမတို့တွင် Quarantine Centre နှစ်ခု ဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးရန် စီစဉ်ထားကြောင်း၊ သံသယလူနာတွေ့ရှိပါက သက်ဆိုင်ရာ ကုသရေးစင်တာများသို့ လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှု များပြားလာသည်နှင့်အမျှ ထုတ်ပြန်ထားသော စည်းကမ်းများအားလိုက်နာရန် လိုအပ်ကြောင်းနှင့် ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော် သန်းထံမှ သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)