မြဝတီမြို့တွင် ကြိုဆိုရေးစခန်း ပိတ်သိမ်းပြီးဖြစ်သော်လည်း ပြန်လည် ဝင်ရောက်လာသူများ ရှိနေဆဲဖြစ်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေး စခန်းက လွန်ခဲ့သည့် ဒီဇင်ဘာ ၁ ရက်မှစ၍ ပြန်လည်ကြိုဆိုရေး အစီအစဉ်အား ပိတ်သိမ်းပြီးသည့်နောက်ပိုင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ နေရပ်ပြန် မြန်မာ အလုပ်သမားများသည်  မြဝတီမြို့ အမှတ် (၅) ရပ်ကွက်ရှိ ၉၉၉ ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက်မှု ရှိနေသေးကြောင်း သိရပြီး ဝင်ရောက်လာသူ အများစုမှာ ၎င်းတို့လက်ရှိ ကိုင်ဆောင်ထားသော ပတ်စပို့စ် စာအုပ်များ သက်တမ်းကုန်သွား၍ MOU စနစ်ဖြင့် ပြန်လည် ဝင်ရောက်ရန်အတွက် ပတ်စပို့စ်စာအုပ် လာရောက် လုပ်ကိုင်ကြသူများနှင့် အလည်ပြန်လာတဲ့ သူတွေများကြောင်း သိရသည်။

"အခု ဘန်ကောက်က ပြန်လာတဲ့လူတွေ အများစုက သူတို့လက်ရှိ ကိုင်ဆောင်ထားတဲ့  ပတ်စပို့စ် စာအုပ်တွေက သက်တမ်းကုန်သွားလို့ MOU စနစ်နဲ့ ပြန်လည်ဝင်ရောက်ဖို့အတွက် ပတ်စပို့စ်စာအုပ် လာပြန်လုပ်ကြတဲ့သူတွေများပြီး အလည်ပြန်လာတဲ့ သူတွေလည်း ရှိပါတယ်။

ကိုယ်ရဲ့နိုင်ငံသားတွေ ဖြစ်တဲ့အတွက် ဒီလိုပြန်လာတဲ့ သူတွေကို ကျွန်တော်တို့ အနေနဲ့ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေနဲ့ လမ်းညွှန်မှုတွေ ပြုလုပ်ပေးနေပါတယ်။  ဒီဇင်ဘာ ၁ ရက်မှ ၁၂ ရက်အထိ ဒီဂိတ်ကနေ ပြန်လည် ဝင်ရောက်လာတဲ့ နေရပ်ပြန် မြန်မာအလုပ်သမား စုစုပေါင်း အယောက် ၆၀၀ ကျော်ရှိပြီ” ဟု မြဝတီ ၉၉၉ ဂိတ် နယ်ခြားစောင့်တပ် (BGF) တပ်နယ် (၃) မှ ဗိုလ်မိုးဆွေက ပြောကြားသည်။ 

    
     
ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက် လဝကရုံးမှ စိစစ်၍ ပြန်လည်စေလွှတ်လိုက်သော ဘန်ကောက်မြို့မှ နေရပ်ပြန် မြန်မာအလုပ်သမား ၅၀ ခန့်မှာ မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကို လှေဖြင့်ဖြတ်ကူး၍ မြဝတီ ၉၉၉ ဂိတ်မှတစ်ဆင့် ပြန်လည်ဝင်ရောက် လာခြင်းဖြစ်ကြောင်း သိရသည်။ 

 

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများအပေါ် ဥပဒေ တင်းကြပ်မှုဖြစ်စဉ်ကြောင့် အလုံးအရင်းနှင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာအလုပ်သမားများကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ မှစတင်၍ မြဝတီ ကျောက်လုံးကြီးစခန်းက ပြန်လည်ကြိုဆိုရေး အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြရာ (၁၇) လကြာ ကာလအတွင်း နေရပ်ပြန် မြန်မာလုပ်သား ကျား ၈၅၃၂၉ ဦး၊ မ ၃၃၇၀၈ ဦး၊ စုစုပေါင်း ၁,၁၉၀၃၇ ဦးအထိ ကြိုဆိုလက်ခံခဲ့ပြီး ၂၀၁၈ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် အဆိုပါ ကျောက်လုံးကြီးစခန်းမှ ပြန်လည်ကြိုဆိုရေး အစီအစဉ်ကို ရပ်တန့်လိုက်ပြီးသည့်နောက် ယခုကဲ့သို့ နေရပ်ပြန် အလုပ်သမားများမှာ ဒီဇင်ဘာလ(၁)ရက် နေ့မှစ၍ မြဝတီ (၉၉၉) ဂိတ်မှတဆင့် ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းသူ(ဘားအံ)