မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်လာသူများကို မော်လမြိုင်မြို့ရှိ သတ်မှတ်နေရာများ၌ အသွားအလာ ကန့်သတ်ထားရှိမည်

မော်လမြိုင်     ၁၇     ဩဂုတ်                 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ အသွားအလာ ကန့်သတ်ထားရှိမည့် ပညာရေး ကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်လာသော နေရပ်ပြန် ကျား (၅၁) ဦးနှင့် မ (၃၈) ဦး စုစုပေါင်း (၈၉) ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းပြီး ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်လာသော နေရပ်ပြန်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၊ ကျန်းမာရေးဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေးစခန်းမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီသူနာပြု၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က ကြိုဆိုကြပြီး အဖျားတိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေးသောက်ရေး စီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။

Quarantine ဝင်ရောက်လာသူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ထားရှိပြီး အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့ ရယူ၍ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ရှိ/မရှိ ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင် ကျန်းမာရေး စစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ပေးကာ ရောဂါပိုးမတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းပြီး မြို့နယ်များမှ (၂၁)ရက် ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မေ (၁) ရက်နေ့မှ ယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှ နေရပ်ပြန်လာသူပေါင်း (၁၁၀၁၅) ဦးရှိပြီ ဖြစ်ကြောင်းသိရသည်။  

ပြည်နယ်(ပြန်/ဆက်)