မူးယစ်ဆေး သယ်ဆောင်ရောင်းဝယ်မှုများကို အရှိန်အဟုန်မြှင့်၍ တားဆီးနှိမ်နင်း

mdn

နေပြည်တော် ၄ ဖေဖော်ဝါရီ

 

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်အတွင်းရှိ ပူးပေါင်း စစ်ဆေးရေး စခန်းတစ်ခုတွင် ညအချိန်ဖြတ်သန်းသွားလာသည့် ယာဉ်တစ်စီးကို စစ်ဆေးရာမှ အစပြု၍ သန်းနှင့်ချီသည့် အရေအတွက်ရှိသော စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ အစပြုကာ ရန်ကုန်သို့လည်းကောင်း၊ ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့လည်းကောင်း အဆင့်ဆင့် သယ်ဆောင်လာသည့် အဆိုပါ စိတ်ကြွရူးသွပ် ဆေးပြားများ၏ တန်ဖိုးမှာ ကျပ် ၇ဒသမ ၅၉ ဘီလီယံကျော်ရှိရာ လွန်စွာများပြားလှသည့် ပမာဏပင်ဖြစ်သည်။

 

မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် ရောင်ဝယ်ဖောက်ကားခြင်း တို့သည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများတွင် အပါ အဝင်ဖြစ်သည်။ ကမ္ဘာ့ဘိန်းစိုက်ဧရိယာ၏ ၂၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံတွင်ရှိပြီး ကမ္ဘာ့ဘိန်းထုတ်လုပ်မှု၏ ၄ ရာခိုင်နှုန်းကို ထုတ်လုပ်နေသည်။ ထို့အပြင် စိတ်ကြွရူးသွပ်ဆေးဝါးထုတ်လုပ် ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို အဓိကထုတ်လုပ်သော နိုင်ငံကြီး နှစ်နိုင်ငံအကြားတွင် နယ်နိမိတ် ထိစပ်နေခြင်း၊ နိုင်ငံတကာ မူးယစ်ဆေးဝါးဈေးကွက်ကြီးဖြစ်သည့် အရှေ့နှင့် အရှေ့တောင်အာရှဒေသအတွင်း တည်ရှိနေခြင်း၊ တောင်အာရှ မူးယစ်ဆေးဝါးဈေးကွက်နှင့်လည်း ဆစ်စပ်နေခြင်းတို့က မြန်မာ နိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာကို ပိုမိုကြီးမားနက်ရှိုင်းရှုပ်ထွေးစေသည်။ မူးယစ်ဆေးဝါးလုပ်ငန်းသည် အကျိုးအမြတ် များပြားလှသော လုပ်ငန်းဖြစ်သည့်အလျောက် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၊ လက်နက်ကိုင်အဖွဲ့ အစည်းများ၊ အကျင့်ပျက်ဝန်ထမ်း များ ပါဝင်ပတ်သက်နေကြပြီး အကျိုးဆက်အဖြစ် နိုင်ငံသူ နိုင်ငံသားများ၏ ကိုယ်ကျင့်တရားနှင့် လူ့အဖွဲ့အစည်း၏ ကျန်းမာရေး နှင့် လူမှုရေးဆိုင်ရာတို့ကို ထိခိုက်ပျက်စီးစေသည့် အပြင် နိုင်ငံ၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုလည်း ဆိုးရွားစွာ ထိခိုက်စေသည်။

 

မူးယစ်ဆေးဝါး အစပြုထုတ်လုပ်ရာ နေရာများသည် လက်နက်ကိုင်အဖွဲ့အစည်းများ စိုးမိုးထားသည့်ဒေသများ၊ တရား ဥပဒေစိုးမိုးရေး လက်လှမ်းမမီသည့်ဒေသများတွင်တည်ရှိသည့် အလျောက် ထိထိရောက်ရောက်နှိမ်နင်းရန် မလွယ်ကူသည့် အခြေအနေတွင်ရှိသည်။ ထို့အပြင် ဒေသခံဆင်းရဲသားများအဖို့ စားဝတ်နေရေး လိုအပ်ချက်အရ ပါဝင်ပတ်သက်နေရသည့် အနေအထားတွင်လည်းရှိရာ ဆင်းရဲမွဲတေမှု လျော့နည်းပပျောက်ရေး ကိုပါ တစ်ပါ တည်း ဆောင်ရွက်ပေးရန် လိုအပ်နေသည်။ ဘိန်းစိုက်ပျိုးခြင်းအပါအဝင် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော လုပ်ငန်းများတွင် မှီခိုနေရသူများအတွက် လူမှုဘဝများ ဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး တို့ကို လက်တွေ့ကျကျဖော်ဆောင်ပေးရန် လိုအပ်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာများတွင် ဘိန်းစိုက်ပျိုးခြင်းနှင့် ဘိန်းဖြူထုတ်လုပ်ခြင်း၊ စိတ်ကြွ ရူးသွပ်ဆေးပြားများ ထုတ်လုပ်ခြင်းနှင့် သယ်ဆောင်ရင်းဝယ်ခြင်း၊ ပရီကာဆာခေါ် အစပျိုးဓာတုပစ္စည်းများ နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခြင်း၊ ပြည်တွင်း၌ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းနှင့် နောက်ဆက်တွဲ အန္တရာယ်များ ပါဝင်သည်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုများကို တိုက်ဖျက်နှိမ်နင်းရာတွင် အခက်အခဲများ၊ အကန့်အသတ်များ ရှိနေသော်လည်း သယ်ယူပို့ဆောင်သည့် လမ်းကြောင်းကြီးများတွင် တားဆီး ပိတ်ဆို့ ဖမ်းဆီးမှုများကိုမူ ကွက်ပြည့်နင်းကာ စဉ်ဆက်မပြတ် ထိထိရောက်ရောက်ဆောင်ရွက်သွားရန် လိုအပ်မည်ဟု ရှုမြင်မိသည်။ နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်မှုကောင်းမွန်လာသည်နှင့်အမျှ အဝေးပြေး လမ်းမကြီးများ သာမက အခြားလမ်းအသွယ်သွယ်တို့မှလည်း သယ်ဆောင်နိုင်သည်ဖြစ်ရာ အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုတို့ကိုလည်း မထိခိုက်စေသော ခေတ်မီ နည်းပညာစက်ကိရိယာတို့၏ အကူအညီဖြင့် နိုင်ငံတစ်ဝန်းမြောက်မှတောင်သို့၊ အရှေ့မှအနောက်သို့ ဖြတ်သန်း သယ်ဆောင်နေကြသော မူးယစ်ဆေးဝါး ပမာဏများစွာတို့ကို ဖော်ထုတ်အရေးယူကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အရှိန် အဟုန်မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

မြန်မာ့အလင်း