မူဆယ်နယ်စပ်တွင် ကျွဲ၊ နွားအရောင်းအဝယ် အေးနေသည့်အတွက် ကုန်သည်များ အခက်တွေ့

မူဆယ် ၂၀ စက်တင်ဘာ

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်နယ်စပ်တွင် ကျွဲ၊ နွားများ အရောင်းအဝယ် အေးနေသည့်အတွက် ကုန်သည်များ အခက်အခဲ တွေ့နေကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်သို့ တိုက်ပွဲများဖြစ်ပြီးသည့်နောက်ပိုင်း ကျွဲ၊ နွား၊ ကားများ စုပြုံ ဝင်ရောက်မှုရှိသော်လည်း တရုတ်ဘက်က ဝယ်လိုသူ နည်းပါးနေသဖြင့် ကျွဲကုန်သည်၊ နွားကုန်သည်များ အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

ကျွဲ၊ နွား အရောင်းအဝယ်သမားများသည် မြန်မာပြည် နယ်ပယ်အသီသီးမှ ကျွဲ၊ နွားများကို ဝယ်ယူစုဆောင်းပြီး ၁၂ ဘီး ယာဉ်ဖြင့်တစ်စီးလျှင် ကျွဲဝ နွားအကောင်ရေ ၂၀ မှ ၂၅ ကောင် ဝန်းကျင်အထိ တင်ဆောင်ပြီး မန္တလေးဘက်မှ မူဆယ်ဘက်သို့ ထွက်ခွာရသည်။ မူဆယ်မရောက်ခင် ၁၆ မိုင်ဂိတ်နှင့် ရေပူ စစ်ဆေးရေးဂိတ်များမှာ စစ်ဆေးမှုများပြုလုပ်ပြီး ထိုမှတစ်ဆင့် ကွတ်ခိုင်မြို့နယ်အတွင်း ပါကြူကျေးရွာအနီး တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်းတွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများပြုလုပ်ပြီး အဆိုပါဌာနမှ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်များနှင့်အတူ ကျွဲ၊ နွားများ၏ နားတို့တွင် နားကပ်များ တပ်ဆင်ပေးပြီး မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်သို့ ဆက်လက်ထွက်ခွာသည်။

(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကို ရောက်ရှိချိန်တွင် ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူများက ယာဉ်ပေါ်တင်ဆောင်ထားသည့် ကျွဲ၊ နွား အကောင်အရေအတွက်နှင့် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ထားသည့် စာရွက်စာတမ်း အထောက်အထားများကို မှန်ကန်မှု ရှိ/မရှိ စစ်ဆေးမှုများ ပြုလုပ်ကာ မှန်ကန်မှုရှိပါက ဂျူတီ ဆောင်ခွင့်ပေးသည်။

ထို့နောက်ဂျူတီ ဆောင်ပြီးသည့် ကျွဲ၊ နွား ကားများသည် တရုတ်နိုင်ငံသို့ ဆက်လက်ရောင်းချရန် မူဆယ်မြို့နယ်အတွင်းရှိ အထက်တုန်ခန်၊ အောက်တုန်ခန်၊ ကျင်စန်းကျော့ကျောက် တောင်လမ်းခွဲ၊ ဟိုနောင်ကျေးရွာနှင့် ပန်ဆိုင်း(ကြူကုတ်)အနီးရှိ နမ့်တောင်းခါးလျန်၊ ပေါင်းရာကျေးရွာ၊ လုံခန်ကျေးရွာတို့တွင် ဒေသခံများထံမှ မြေငှားရန်းပြီး ကျွဲ၊ နွားများကို ထိန်းသိမ်းထား ရကြောင်းနှင့် အရောင်းအဝယ်ကိုလည်း ယင်းနေရာများတွင် ပြုလုပ်ကြကြောင်း သိရသည်။

နွားအရောင်းအဝယ် ပြုလုပ်နေသူ ကိုမင်းမင်းစိုးက “ကျွန်တော်တို့ နွားအရောင်းအဝယ်လုပ်နေတာ အခုဆိုရင် သုံးနှစ်လောက်ရှိပါပြီ၊ အရင်နှစ်တွေက အခြေပျက်ရောင်းရပါတယ်၊ အခုနောက်ပိုင်းတော့ ကီလိုနဲ့ ရောင်းဝယ်ကြတယ်။ ဒီဘက်ကို ကျွဲ၊ နွားတွေအဝင်များနေတာက အရောင်းအဝယ်ကောင်းနေလို့ မဟုတ်ပါဘူး၊ ကုမ္ပဏီလက်မှတ်တွေ အများကြီး ချထားပေးတဲ့ အတွက်ကြောင့်ပါ၊ အရင်က ကုမ္ပဏီ ၅၀ လောက် နွားအကောင်ရေ တစ်ရက်ကို ၅၀ဝ လောက်ထိ ဝင်ပါတယ်၊ တိုက်ပွဲဖြစ်တဲ့ အချိန်မှာတော့ကုမ္ပဏီ နှစ်ခု သုံးခုလောက်ပဲဝင်ပြီး နွားအဝင်နည်းသွားတဲ့အတွက်ကြောင့် နွားဈေးက တာပေါ့။ အခုတော့ လမ်းကြော ပြန်ပွင့်သွားတဲ့အချိန်မှာ ဈေးကသိပ်မရ သလို ကီလိုနဲ့ဆိုရင် ၁၀ ကျပ်မှ ၁၁ ကျပ်ဝန်းကျင်ထိသာ အများဆုံးရရှိပြီး ဝယ်လက်ကလည်း တစ်နေကုန်မှ တစ်ခါတလေ သုံးလေးယောက်ပဲလာသလို လုံးလုံးမလာတဲ့ ရက်တွေလည်းရှိတယ်၊ လာဝယ်ကြတဲ့အခါ ဆိုရင်တော့ သူတို့ပေးတဲ့ဈေးနဲ့ ကိုယ်ရောင်းချင်တဲ့ ဈေးကိုက်ရင်တော့ ရောင်းလိုက်တာပေါ့။ ဈေးနှိမ်ဝယ်တာမျိုးတော့ မရှိပါဘူး၊ သူတို့ဘက်က လိုချင်တဲ့အခါ ဈေးပေးပါတယ်၊ အကယ်၍ သူတို့ဘက်မှာ ကျွဲ၊ နွား များ စုပြုံနေရင်တော့ ဈေးကျသွားတတ်ပါတယ်” ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကျွဲ၊ နွား တင်ကားတစ်ရက်လျှင် ၁၀ စီးမှ အစီးရေ ၄၀ ဝန်းကျင်၊ ကျွဲ၊ နွားအကောင် အရေအတွက် ၂၀ဝ မှ ၅၀ဝ အထက်ဝ င်ရောက်မူရှိကြောင်း သိရပြီး ဆိတ်ကားများလည်း အနည်းငယ်ဝင်ရောက်ကြောင်း သိရသည်။

ကျွဲ၊ နွားများ ဝင်ရောက်မှုရှိသော်လည်း တရုတ်ဝယ်လက်က နည်းနေခြင်းကြောင့် အရောင်းအဝယ် မဖြစ်သည့်အတွက် ကျွဲ၊ နွားကုန်သည်များမှာ ခြံငှားရမ်းခ၊ နွားစာဖိုး၊ နွားကျန်းမာရေး တွေအတွက် အကုန်အကျများနေပြီး အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

နွားများကို ကြံဖတ်၊ ကောက်ရိုးခြောက်၊ ဖွဲနု၊ ဆန်ကွဲ၊ ပဲနှစ်များကိုကျွေးရကြောင်း သိရပြီး ပဲနှစ်ကိုတော့ မြန်မာပြည် အောက်ပိုင်းက မှာယူကျွေးရတာဖြစ်ကြောင်း၊ ကျက်စာပြောင်း၊ အပင်လိုက်စဉ်းကျွေးခြင်း၊ ယင်းအစာများကို အိတ်ပြတ်ဝယ် ကျွေးရတာရှိသလို အဝကျွေးလည်းရှိကြောင်း၊ အဝကျွေးရင်တော့ နွားတစ်ကောင်ရဲ့ တစ်ရက်ကုန်ကျငွေက ၃၀ဝ၀ လောက်ရှိပြီး နွားထိန်းသမား၊ နွားခြံစောင့်သမားတွေအတွက်နဲ့ ဆိုရင် တစ်ရက်ကုန်ကျငွေက တော်တော်များပါကြောင်း၊ လက်ရှိအနေအထားအရ ဒီဘက်မှာ ကျွဲ၊ နွား အကောင်အရေအတွက် စုစုပေါင်း ၅၀ဝ၀ ဝန်းကျင်လောက်ရှိနေကြောင်း နွားကုန်သည် များထံမှ သိရသည်။

အရောင်းအဝယ်ဖြစ်သည့် ကျွဲ၊ နွားများကို မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် ဆယ်လန့်ကျေးရွာအနီး နောင်တောင်းကျေးရွာတွင် တရုတ်နိုင်ငံမှ လာရောက်ဖွင့်လှစ်ထားသည့် ခန့်ထည် ကုမ္ပဏီမှတစ်ဆင့် တရုတ်နိုင်ငံထဲကို ပို့ဆောင်ရောင်းချနေခြင်း ဖြစ်ကြောင်းသိရပြီး ရောင်းဝယ်ဈေး မကိုက်သည့်အခါ မှောင်ခိုလမ်းမှတစ်ဆင့် တရုတ်နိုင်ငံထဲကို သွားရောက် ရောင်းချနေတာဖြစ်ကြောင်း နွားကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

သန့်စင်(မူဆယ်)