မူဆယ်မြို့တွင် ပထမဆုံးအကြိမ် နိဗ္ဗာန်ဈေးအလှူပွဲ ကျင်းပမည်

မူဆယ် ၁၁ အောက်တိုဘာ

 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ ဆင်ဖြူဈေးကော်မတီအဖွဲ့ ဦးဆောင်မှုဖြင့် ဆင်ဖြူဈေးရှိ ဈေးသူ၊ ဈေးသားမျာတို့နှင့် ပူးပေါင်း၍ ပထမဆုံးအကြိမ် နိဗ္ဗာန်ဈေးအလှူပွဲကို ဆင်ဖြူဈေးရှိ ယာဉ်ရပ်နားကွင်း၌ အောက်တိုဘာလ(၁၂)ရက်နေ့နှင့် (၁၃)ရက် စုစုပေါင်း (၂)ရက်ကြာ ပြုလုပ်ကျင်းပသွားမည်ဟု မူဆယ်မြို့၊ ဆင်ဖြူဈေးဥက္ကဌဦးထွန်း၏  ပြောကြားချက်အရ သိရသည်။

 

 

“မူဆယ်မြို့၊ နယ်စပ်ဒေသမှာ ကျွန်တော်တို့က စတင်ပြီးတော့ ရှေ့ဆောင်လမ်းပြလုပ်တဲ့အခါမှာ အခြားရပ်ကွက်တွေ၊ တစ်ခြားဈေးတွေကလည်း ကျွန်တော်တို့ နိဗ္ဗာန်ဈေးအလှူပွဲကို အတုယူပြီး နိဗ္ဗာန်ဈေးအလှူပွဲတွေကို များများ ပြုလုပ်လှူဒါန်းနိုင်မည်ဆိုပါက မူဆယ်မြို့၊ နယ်စပ်ဒေသမှာ သတင်းကျွတ်ပွဲတော်ဟာ ပြည်သူလူထုတွေ စိတ်ဝင်စားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စည်စည်ကားကားဖြစ်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်ထားပြီးတော့ ပြုလုပ်ကျင်းပရခြင်း ဖြစ်ပါတယ်”လို့ မူဆယ်မြို့၊ ဆင်ဖြူဈေးဥက္ကဋ္ဌ ဦးထွန်းက မူဆယ်မြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် နိဗ္ဗာန်ဈေးအလှူပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။

 

1

 

 

နိဗ္ဗာန်ဈေးအလှူပွဲတွင် ဆင်ဖြူဈေးရှိ ကရင်တိုင်းရင်းသားအဖွဲ့ ကရင်ဒုံးရင်းအကနှင့် ဗမာတိုင်းရင်းသားအဖွဲ့က ဗမာတိုင်းရင်းသားအက မင်းသားအကတို့ဖြင့် လာရောက်ဖျော်ဖြေမည်ဖြစ်ပြီး ဆိုင်ကယ်(125)တစ်စီး အပါအဝင်၊ အခြားဆုမဲပေါင်းများစွာကိုလည်း အခမဲ့ ကံစမ်းမဲဖောက်ပေးမည်ဖြစ်သည်။  အောက်တိုဘာ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့ ညနေ ၇ နာရီအချိန်မှ စတင်ပြီး ဆင်ဖြူဈေးရှိ ပြန်ကြားရေးမဏ္ဍာပ်တွင် လက်မှတ်များကို ပေးအပ်သွားမည်ဖြစ်ပြီး လက်မှတ်များကို နှစ်စောင်အထိ ထုတ်ယူခွင့်ပြုထားသည်။

 

 

အဆိုပါ နိဗ္ဗာန်ဈေးအလှူပွဲတွင် ဆင်ဖြူဈေးရှိ ပြန်ကြားရေးမဏ္ဍာပ်မှ ပေးအပ်ထားသည့် လက်မှတ်ရရှိသူတိုင်း အခမဲ့လာရောက်ဆင်နွဲ့နိုင်မည်ဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်နေ့တွင် အစားအသောက်မျိုးစုံကို ကျွေးမွေးဧည့်ခံခြင်းနှင့် အောက်တိုဘာ ၁၃  ရက်နေ့တွင် ကံစမ်းမဲများကို မဲဖောက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)