မူဆယ်မြို့ရှိ MPT ဝန်ဆောင်မှုရုံး လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရ

မူဆယ်   ၁၄  ဧပြီ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်(ပြည်ထောင်စုလမ်းမကြီး)မူဆယ်စာတိုက်နှင့် ဘေးကပ် လျက်ရှိသည့် MPTဝန်ဆောင်မှုရုံးအား ဧပြီ ၁၂ ရက် ည ၁၀ နာရီခွဲခန့်တွင် လက်လုပ်မိုင်းဖြင့် လာရောက်ဖောက်ခွဲ သွားကြောင်း မြို့နယ်ရဲစခန်းမှ သိရသည်။

“ည ၁၀ နာရီခွဲလောက်မှာ ဖြစ်လိမ့်မယ်။ လက်လုပ်မိုင်းနှစ်လုံးနဲ့ လာပစ်သွားတာဖြစ်တယ်။ ဘယ်သူ ဘယ်ဝါ ဆိုတာကိုတော့ မသိသေးဘူး။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမယ်” ဟု မြို့နယ်ရဲစခန်းမှူး ရဲမှူး အောင်ကျော်ဦးက ပြောကြားသည်။

အဆိုပါ ဖောက်ခွဲမှုဖြစ်စဉ်ကြောင့် MPTဝန်ဆောင်မှုရုံးမှ ဝန်ထမ်းများနှင့် အနီးဝန်းကျင်ရှိ ပြည်သူများ အသက် အန္တရာယ်တစ်စုံတစ်ရာ ထိခိုက်မှု မရှိသော်လည်း MPTဝန်ဆောင်မှုရုံးနှင့် ဘေးကပ်လျက် ရပ်နားထားသည့် ဟွန်ဒါဖစ်ယာဉ်တစ်စီး ထိခိုက်ပျက်စီးသွားပြီး စုစုပေါင်းငွေကျပ်သိန်း ၇၀ ခန့် ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

မိုင်းဘဉာဏ်(ကွတ်ခိုင်)