မူဆယ် ၂၇ သြဂုတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ သိန်းသန်းချီကားကြီးကွင်းမှ အဝေးပြေး ခရီးသည်ယာဉ်လိုင်းများသည် ယနေ့  နံနက်ပိုင်းမှစတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်း ဂိတ်မှူးများ၏ ပြောကြားချက်အရ သိရသည်။

 

5725

 

“မနေ့က ညနေ(၅)နာရီလောက်မှာ နမ့်ဖက်ကာဘက်က ပိတ်မိနေတဲ့ ခရီးသည်ယာဉ်(၇)စီး မူဆယ်ကားကြီးကွင်းကို ဝင်ရောက်လာပါတယ်၊ လမ်းကြောင်း အခြေအနေကတော့ လမ်းပွင့်ပြီလို့ ယာဉ်မောင်းတွေက ပြောတယ်၊ အဲ့ဒါကြောင့် ဒီနေ့နံနက်ပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးကို ပြန်ဆွဲဖို့ စီစဉ်ထားပါတယ်”လို့ ရွှေမန္တလာယာဉ်ဂိတ်မှူး ဦးအေးမြင့်ဦးက ပြောသည်။

 

5658

 

မူဆယ်မြို့ သိန်းသန်းချီကားကြီးကွင်းမှ အဝေးပြေးယာဉ်လိုင်းများသည် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းကြောင့် သြဂုတ် ၁၅ ရက်မှ ယာယီရပ်နားထားသည်မှာ ၁၁ ရက် ကြာမြင့်ခဲ့ပြီး သြဂုတ် ၂၆ ရက် ညနေပိုင်းတွင် ရန်ကုန်- နေပြည်တော်- မန္တလေးဘက်မှ ခရီးသည်ယာဉ်လိုင်း (၇)စီး သိန်းသန်းချီကားကြီးကွင်းသို့ ရောက်ရှိလာခဲ့ရာ အဝေးပြေး ခရီးသည်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

“ယာဉ်လိုင်းများ ခုလိုပြန်လည်ပြေးဆွဲနိုင်ပြီဆိုတော့ ခရီးသွားပြည်သူတွေလည်း အဆင်ပြေသွားတာပေါ့၊ နေ့တိုင်း ခရီးသည်တွေက ကားမထွက်သေးဘူးလား မေးနေတော့ ခုလိုပြန်ပြေးဆွဲခွင့်ရတဲ့အတွက်လည်း ခရီးသည်တွေ ဝမ်းသာပျော်ရွှင်နေတာ တွေ့ရတယ်” လို့ ရွှေမန္တလာယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

လတ်တလော၌ နမ့်ဖက်ကာနှင့် ကွတ်ခိုင်မြို့ကြားတွင် ယာဉ်လိုင်းပိတ်ဆို့မှုများ ရှိနေသော်လည်း ခရီးသည်ယာဉ်လိုင်းများကို ဦးစားပေးစေလွှတ်ကြောင်း မူဆယ်မြို့သို့ ရောက်ရှိလာသည့် ယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)