မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ပျံကျဈေးတည်နေရာ ယာယီပြောင်းရွှေ့

မူဆယ်   ၂၂  ဧပြီ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် ပျံကျ‌ဈေးသည်များကို ယနေ့ဧပြီ ၂၀ ရက်နေ့မှစ၍ သိန်းသန်းချီအဝေးပြေး ယာဉ်ရပ်နားစခန်းသို့ သွားသည့် ကွန်ကရစ်လမ်းမကြီးတစ်လျှောက်၌ ယာယီ  ရောင်းချရန် ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အဆိုပါပျံကျဈေး နေရာသစ်တွင် မူဆယ်မြို့၊ အမှတ်(၂) စည်ပင်သာယာဈေးအတွင်းနှင့် ဈေးအပြင် ဝန်းကျင်၌ ရောင်းချလျက်ရှိသော ပျံကျဈေးသည်များနှင့် မူဆယ်မြို့ပေါ် ရပ်ကွက်များအတွင်း အများပြည်သူ အသုံးပြု သွားလာသည့် ဧရိယာလမ်းမပေါ်တွင် ရောင်းချလျက်ရှိသော ပျံကျဈေးသည်များကို ယာယီပြောင်းရွှေ့ ရောင်းချစေခြင်းဖြစ်ပြီး ဈေးရောင်း၊ ဈေးဝယ်သူများအနေဖြင့် ဈေးအတွင်းမဝင်မီ လက်ဆေးရန်၊ တစ်ခါသုံး လက်အိတ် အသုံးပြုရန်၊ နှာခေါင်းစည်း တပ်ဆင်ပြီး ဝယ်ယူ ရောင်းချရန်၊ ဈေးရောင်းသော ဈေးသူ/ ဈေးသားအားများအနေဖြင့်  အကွက်တစ်ကွက်လျှင် ရှစ်ပေပတ်လည် အကျယ်နှင့် တစ်ကွက်နှင့် တစ်ကွက်သုံးပေ အကွာအဝေးဖြင့် ရောင်းဝယ်ကြရန် စီစဉ်ဆောင်ရွက်ထားကြောင်း မူဆယ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်းက ပြောသည်။
 
“ပျံကျဈေးသည်တွေကို နေရာပြောင်းရွှေ့ရောင်းချစေတာကတော့  လူစုလူဝေးမဖြစ်စေဖို့ အဓိက ရည်ရွယ်တာပေါ့၊ နောက်ပြီး ဈေးကိုလာတဲ့သူတိုင်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်၊ သတ်မှတ်ထားတဲ့ နေရာအခင်းအကျင်းတွေမှာ ရောင်းချဖို့လိုပါမယ်၊ လိုက်နာမှုမရှိတဲ့သူတွေကို  ဉပဒေအရ အရေးယူမှုတွေ ပြုလုပ်သွားမယ်”ဟု ဦးကျော်မိုးထွန်းက ရှင်းပြသည်။
 
ကိုရိုနာဗိုင်းရပ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ကာလအတွင်း ယင်းပျံကျဈေးကို နေ့စဉ် နံနက် ၅ နာရီခွဲမှ ၉ နာရီခွဲအချိန်ထိ ရောင်းချရန်သတ်မှတ်ထားပြီး မြို့နယ် ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင်တားဆီးထိန်းချုပ်ရေး ကော်မတီနှင့် ဈေးကော်မတီတို့မှ နေ့စဉ် ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းဘဉာဏ်(ကွတ်ခိုင်)