မူဆယ် ၁၃ အောက်တိုဘာ
မူဆယ်မြို့၊ ဆင်ဖြူဈေးရှိ ဈေးသူ၊ဈေးသားတို့နှင့် ပူးပေါင်း၍ ဆင်ဖြူဈေးတွင် ပထမအကြိမ် ပြုလုပ်ကျင်းပသည့် နိဗ္ဗာန်ဈေးအလှူပွဲကို အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပရာ လာရောက် လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ နိဗ္ဗာန်ဈေးအလှူပွဲ၌ ညနေပိုင်းအချိန်တွင် အစားအသောက်မျိုးစုံကို လှူဒါန်း ကျွေးမွေးလျက်ရှိပြီး လူမျိုးပေါင်းစုံ လာရောက်လည်ပတ်ကြကာ လာရောက်သူတိုင်းကို လက်မှတ်များ ပေးအပ်ခြင်း၊ လက်မှတ်တွင် ပါရှိသည့် နံပါတ်အလိုက် အစားအသောက်မုန့်မျိုးစုံကို ထုတ်ယူကြပြီး တိုင်းရင်းသားအက၊ မင်းသားအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ဆီမီးပူဇော်ခြင်း များဖြင့် စည်ကားလျက်ရှိသည်။
“သူငယ်ချင်းတွေနဲ့ လာရောက်လည်ပတ်ခဲ့ကြတာပါ၊ အင်မတန် ပျော်စရာကောင်းပါတယ်၊ ကံစမ်းလက်မှတ်မှာ ပါရှိတဲ့ နံပါတ်အတိုင်း အချိုရည်တွေ၊ မုန့်တွေလည်း ကိုယ်စီရကြတယ်၊ လူအများနဲ့ဆိုတော့ ပိုပျော်စရာ ကောင်းတယ်၊ ခုလို အများပြည်သူအတွက် နိဗ္ဗာန်ဈေး အလှူပွဲလုပ်ပေးတဲ့ တာဝန်ရှိသူတွေနဲ့ အလှူရှင်တွေလည်း ကုသိုလ်ရပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်” လို့ နိဗ္ဗာန်ဈေးသို့ သူငယ်ချင်းများနှင့် လာရောက်လည်ပတ်သူ မခိုင်တင်ဇာက ပြောသည်။
အဆိုပါ နိဗ္ဗာန်ဈေးပွဲတော်ကို ဆင်ဖြူဈေးတွင် ပထမအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ယနေ့ ဒုတိယမြောက်နေ့ ည ၇ နာရီမှစတင်ပြီး လက်မှတ်များပေးဝေကာ ဆိုင်ကယ် (125)တစ်စီး အပါအဝင် အခြားဆုမဲပေါင်းများစွာကိုလည်း အခမဲ့ ကံစမ်းမဲဖောက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)