မန္တလေး ၇  ဇွန်

တရုတ်နိုင်ငံသို့ အဓိက ပို့ကုန်ဖြစ်သည့် ပဲတီစိမ်းနှင့် နှမ်းများ ယခုရက်ပိုင်းအတွင်း မူဆယ်ဈေးကွက်သို့ ပို့ဆောင်ခ စရိတ် မြင့်တက်မှုနှင့်အတူ တရုတ်ငွေဈေး ကျဆင်းမှုတို့ကြောင့် အရောင်းအဝယ်များ ကောင်းမွန်လျက်ရှိသော်လည်း ဈေးနှုန်းများ သိသာစွာ ကျဆင်းလျက်ရှိကြောင်း မန္တလေး ပဲကုန်သည်များထံမှ သိရသည်။

 

“ဒီရက်ပိုင်းမှာ မန္တလေးကနေ မူဆယ်ဈေးကွက်ကို ပို့ကုန်ပဲရှိပြီး အပြန်ကုန် မရှိတဲ့အတွက် ကားခဈေးတွေ တက်လာတဲ့အပြင် လက်ရှိအချိန်မှာ တရုတ်ငွေဈေးကလည်း ကျဆင်းနေတာကြောင့် အခုလို ဈေးနှုန်းတွေ သိသိသာသာ ကျဆင်းသွားတာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ လမ်းပန်းဆက်သွယ်ရေးတွေနဲ့ ကုန်စည်ဒိုင်တွေ ကန့်သတ်ပိတ်ပင်ထားတဲ့ အချိန်တုန်းကတောင် သုံးတင်းဝင် တစ်အိတ်ကို ၁၂၀၀၀၀ ကျပ်ဈေးအထိရှိနေတဲ့ ပဲတီစိမ်းက ဖြေလျော့မှုတွေပေးပြီး အဆင်ပြေနေတဲ့ အခုအချိန်ကျမှ ဈေးက ကျပ် ၂၀၀၀၀ လောက်အထိ သိသိသာသာကို ကျဆင်းသွားတဲ့အပြင် တရုတ်ပို့ကုန်တွေထဲမှာ ဈေးအမြင့်ဆုံးဖြစ်တဲ့ စမုံနက်နှမ်းဆိုရင် သုံးတင်းဝင် တစ်အိတ်ကို ကျပ် ၅၀၀၀၀ လောက်အထိ ထိုးကျသွားပြီး ကျန်တဲ့ နှမ်းဖြူ၊ နှမ်းနက် ဈေးနှုန်းတွေလည်း ကျဆင်းနေတာပဲ” ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။

 

လက်ရှိအချိန်တွင် ပဲတီစိမ်း ဈေးနှုန်း ကျဆင်းလျက်ရှိသော်လည်း မန္တလေး ဈေးကွက်အတွင်းသို့ ဒေသစုံမှ ပဲတီစိမ်းများ နေ့စဉ် အိတ်ရေ ၂၀၀၀၀ ကျော် အလုံးအရင်းဖြင့် ဝင်ရောက်လျက်ရှိပြီး ရောင်းအားမှာလည်း လက်ရှိပေါက်ဈေးများဖြင့်ပင် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

“ဒီလိုအခြေအနေမှာ ရောင်းအားရှိနေတာကပဲ အဆိုးထဲက အကောင်းလို့ ပြောရမှာပါ။ ဒီဈေးတွေထက် ထပ်ပြီး ကျဆင်းသွားရင်တော့ အထူးသဖြင့် တောင်သူတွေ အရှုံးပေါ်သွားနိုင်တယ်။ အိန္ဒိယ ပို့ကုန်တွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံတွေကတော့  လက်ရှိအချိန်မှာ ပုံမှန်ဈေးနှုန်းတွေနဲ့ပဲ အရောင်းအဝယ် ဖြစ်နေကြတဲ့အပြင် ပြည်တွင်းစားသုံးတဲ့ ကုလားပဲအုပ်စုဝင် ပဲတွေလည်း ပုံမှန်ဈေးနှုန်းတွေနဲ့ပဲ အရောင်းအဝယ် ဖြစ်နေကြပါတယ် “ ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

လက်ရှိတွင် မန္တလေးဈေးကွက်အတွင်း၌ တရုတ်ပို့ကုန်ဖြစ်သည့် ပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ စမုံနက်နှမ်း သုံးတင်းဝင်အိတ်လျှင် ငွေကျပ် တစ်သိန်းခြောက်သောင်း နှုန်းဖြင့်လည်းကောင်း အရောင်းသွက်နေပြီး အိန္ဒိယပို့ကုန်ဖြစ်သည့် မတ်ပဲမှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ကိုးသောင်း သုံးထောင်နှုန်းဖြင့်လည်းကောင်း၊ ပဲစင်းငုံ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ခုနစ်သောင်းနှစ်ထောင် နှုန်းဖြင့်လည်းကောင်း ပုံမှန်ဈေးနှုန်းများဖြင့် အရောင်းအဝယ် ရှိနေကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)