မုံရွာ သြဂုတ် ၂၇

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ် မုံရွာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကာယဗလ၊ ကာယကြံ့ခိုင်မှု အလှမယ်နှင့် ရှမ်း၊ချင်းတိုင်းရင်းသားရိုးရာအလှမယ် ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက မုံရွာ တက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမကြီးတွင် ကျင်းပရာ မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ သက်နိုင်ဦး တက်ရောက်အမှာစကား ပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

အထက်မြန်မာပြည်တက္ကသိုလ်များအဆင့်ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုအလှမယ် ပြိုင်ပွဲတွင် မုံရွာတက္ကသိုလ် ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများပေါ်ထွက်လာရန်၊ အားကစားပြိုင်ပွဲကျင်းပခြင်းဖြင့် ကျောင်းသား/သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ် မုံရွာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အလှမယ်ပြိုင်ပွဲတွင်ဘာသာရပ်ပေါင်းစုံမှ ကာယဗလမောင်(၁၄)ဦး၊ ကာယကြံ့ခိုင်မှုအလှမယ်(၁၉)ဦး၊ ရှမ်းတိုင်းရင်းသားရိုးရာအလှမယ်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်(၁၅)ဦးနှင့် ချင်းတိုင်းရင်းသားရိုးရာအလှမယ်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် (၁၇)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း  သိရသည်။ 

 

အခမ်းအနားသို့ မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)