မုံရွာပညာရေးကောလိပ် ဒုတိယနှစ်ကျောင်းသား ၁၁ ဦး လိုက်ပါလာသော အမြန်ရေယာဉ်မှ ကျောင်းသားတစ်ဦး ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေလျက်ရှိ

ကလေးဝ  ၃၁  မေ 

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ဟုမ္မလင်းမြို့မှထွက်ခွာလာခဲ့ပြီး ကလေးဝမြို့တွင် ညအိပ်ရပ်နားထားသည့် ရွှေစင်မင်း အမြန်ရေယာဉ်မှ မုံရွာပညာရေးကောလိပ် ဒုတိယနှစ်ကျောင်းသား တစ်ဦး ယနေ့ နံနက် ၂ နာရီခန့်က ပျောက်ဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ၎င်းအမြန်ရေယာဉ်ပေါ်တွင် ဟုမ္မလင်းမြို့မှ လိုက်ပါလာသည့် upper (1)နှင့်(3)တို့မှ မုံရွာပညာရေး ကောလိပ်ဒုတိယနှစ်ကျောင်းသား ၁၁ ဦး လိုက်ပါလာခဲ့ပြီး ညအိပ်ရပ်နားထားစဉ် အဆိုပါ ကျောင်းသားများအနက် ခိုပဲရပ်ကွက်၊ ဟုမ္မလင်းမြို့နေသူ လွန်းကျင် ၁၈ နှစ်သည် ရေဆင်းချိုးမည်ဟုဆိုကာ တစ်ယောက်တည်းထွက်သွားပြီး ပြန်လည်ရောက်ရှိလာခြင်း မရှိ၍ ၎င်း၏သူငယ်ချင်းများနှင့် အမြန်ရေယာဉ်ပေါ်ပါသူများက ဆိပ်ကမ်းဝန်းကျင် တဝိုက်တွင်ရှာဖွေရာ တွေ့ရှိခြင်းမရှိ၍ မြို့မရဲစခန်းသို့ အကြောင်းကြားသောကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ လိုက်လံစုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

 

သက်ဟန်(ကလေးဝ)