မုံရွာမြို့တွင်  ဂျပန်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်လိုသည့် လူငယ်များ အထောက်အကူ ဖြစ်စေမည့် ဂျပန်ဘာသာသင်တန်းကျောင်း ဖွင့်လှစ်

မုံရွာ ၁၅  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်တွင် ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင် လိုသည့် လူငယ်များကို အထောက်အကူဖြစ်စေမည့် ဂျပန်ဘာသာသင်တန်းကျောင်းကို ယနေ့ နံနက် (၁၀)နာရီက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

96

 

 “ဂျပန်နိုင်ငံက နည်းပညာတွေမှာ အများကြီးတိုးတက်တယ်၊ နည်းပညာကျောင်းသားတွေအတွက် သင်ယူ စရာတွေအများကြီးရှိတယ်၊ ဒီနိုင်ငံနဲ့ နည်းပညာကွာဟမှုတွေရှိတယ်၊ သူတို့ဆီက နည်းပညာတွေ သင်ယူရင်းနဲ့ ကိုယ့်အတွက် ငွေကြေးအထောက်အကူရဖို့အတွက် သွားရောက်အလုပ်လုပ်ကိုင်လိုတယ်၊ အဲဒိအတွက် အထောက်အကူဖြစ်စေမဲ့ ဂျပန်ဘာသာသင်တန်းကို တက်ရောက်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်၊ကိုယ့်ဆီမှာ နည်းပညာနဲ့ဆိုင်တဲ့ အလုပ်လုပ်မယ်ဆိုရင် အရင်းအနှီးလိုတယ်၊ အခြေခံ အဆောက်အဦတွေ လည်းလိုအပ်နေသေးတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ နည်းပညာတွေဟာ ဆိုရင်လည်း မဖွံ့ဖြိုးသေးဘူး၊အဲဒီအတွက် ဂျပန်နိုင်ငံလို နေရာမျိုးမှာ အလုပ်လုပ်ရင်း နည်းပညာတွေ ရနိုင်မယ်လို့ မျှော်လင့်ချက်လည်းပါတယ်၊ အဲဒီမှာ (၆)နှစ်လောက် အလုပ်လုပ်ပြီးရင် အရင်းအနှီးတွေ နည်းပညာတွေရပြီးရင်တော့ ကိုယ့်နိုင်ငံမှာပြန်ပြီး အခြေချလုပ်ကိုင်ဖို့ စီစဉ်ပြီး အခုလိုသင်တန်းကိုတက်ရောက်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်” ဟု ဂျပန်ဘာသာသင်တန်းသို့ တက်ရောက်သူ မုံရွာမြို့၊ မြဝတီရပ်ကွက်မှ နည်းပညာတက္ကသိုလ်(မုံရွာ) မှဘွဲ့ရ လူငယ် ကိုဝဏ္ဏကျော်က ပြောသည်။

 

သင်တန်းကျောင်းအား စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ ပုလဲနဒီဂရုကုမ္ပဏီလီမိတက်မှ ဥက္ကဋ္ဌ ဦးသန်းဝင်းအောင်နှင့် စစ်ကိုင်း တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်တစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းခန်းမ ပြင်ဆင်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)