မုံရွာမြို့၌ကျင်းပသည့် (၁၀)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးပွဲသို့ စက်ဘီးစီးလူငယ် ၆၅၀ ကျော်ပါဝင်ဆင်နွှဲ

မုံရွာ ၂၉ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် မုံရွာ စက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် (၁၀)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ကကျင်းပရာ စက်ဘီးစီးလူငယ် ၆၅၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

 

စက်ဘီးစီးနင်းပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြိုင်ပွဲအား ခရာမှုတ်ဖွင့်လှစ်ပေးရာ စက်ဘီးစီးသမားများက ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် တောင်ဘက်ခြမ်းရှိ မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံအထိ ၎င်းမှ အနောက်ဘက်ရှိ ကားနားလမ်းအတိုင်း  မြောက်ဘက်ခြမ်း အိုးဘိုတောင်ရပ်ကွက်ရှိ အောင်မင်္ဂလာ အဝိုင်းကိုကွေ့ကာ ဗိုလ်ချုပ်လမ်းအတိုင်း ပြည်သူ့အားကစားကွင်း အရှေ့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းနှင့် စက်ဘီးစီးပွဲပါဝင်သူများကို ပြိုင်ပွဲဝင်စက်ဘီးသုံးစီးအား မဲနှိုက်ပေးခဲ့ကြောင်း သိရသည်။

 

(၁၀)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းနှင့် (၁၁)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

dsssa