မုံရွာမြို့၌ ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မုံရွာ ၂၇ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ကျား/မ မီနီမာရသွန်ပြိုင်ပွဲကို လာမည့် ဇန်နဝါရီ ၃ ရက်တွင် စတင်ပြီး တိုင်းဒေသကြီး အားကစားကွင်းရှေ့၌ လည်းကောင်း၊ ဇန်နဝါရီ ၄ ရက်တွင် အပြေးပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို တိုင်းဒေသကြီး အားကစားကွင်းအတွင်း၌ လည်းကောင်း  စည်ကားသိုက်မြိုက်စွာ ကျင်ပပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။

 

၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အပြေးပြိုင်ပွဲများအဖြစ် (၄ ပေ - ၆ လက်မ)အောက် သက်ငယ်အပြေးပြိုင်ပွဲနှင့် (၄ ပေ - ၉ လက်မ)အောက် သက်လတ် အပြေးပြိုင်ပွဲတို့ အပြင် ကျား/မ မီတာ(၅၀) ဂုံနီအိတ်စွပ်၊ ကျား/မ မီတာ(၂၅) အာလူးကောက်၊ ကျား မီတာ(၅၀) ဖားခုန်၊ မ မီတာ(၅၀) အာလူးဇွန်းကိုက်၊ ကျား မီတာ(၅၀)နှင့် ကျားမီတာ(၁၀ဝ) နှစ်ယောက်တွဲ ခြေပူး စသည့် အပြေးပြိုင်ပွဲ(၇)မျိုးစီနှင့် အလွတ်တန်းအပြေးပြိုင်ပွဲ (၁၀)ပွဲအဖြစ် ကျား/မ မီတာ(၁၀ဝ၊ ၂၀ဝ၊ ၄၀ဝ၊ ၈၀ဝ ၊၁၅၀ဝ)အပြေးပြိုင်ပွဲနှင့် ကျား/မ သံလုံးပစ်ပြိုင်ပွဲ၊ ကျား/မ အလျားခုန်ပြိုင်ပွဲတို့ကိုပါ အသီးသီး ကျင်းပပြုလုပ် ပေးမည်ဖြစ်ကြောင်း၊ ပျော်ပွဲရွှင်ပွဲများအဖြစ် ကျား-လွန်ဆွဲပွဲ၊ မ-လွန်ဆွဲပွဲ၊ ကျား- ကွင်းအတွင်း ဘောလုံးကန်သွင်းခြင်း၊ မ-သံပုံး ရိုက်ပြိုင်ပွဲ၊  ကျား-ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ မ-စကော (ဗန်း)ရွက်ပြိုင်ပွဲ၊ ကျား-မီနီမာရသွန်ပြိုင်ပွဲ၊ မ-မီနီမာရသွန်ပြိုင်ပွဲ၊ အသက်(၁၂)အောက်နှင့် အသက် (၁၂)နှစ်အထက် စက်ဘီးပြိုင်ပွဲများကို ထည့်သွင်းကျင်းပ ပြုလုပ်ပေးမည်ဖြစ်ကြောင်းနှင့် မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ ပြိုင်ပွဲများအလိုက် ထူးချွန်ဆုရရှိသူများကိုလည်း တာဝန်ရှိသူများက ထိုက်တန်စွာ ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)