မုံရွာမြို့ မုံရွာ-မန္တလေးလမ်းတစ်လျှောက်နှင့် အထင်ကရနေရာများရှိ အများသုံးသန့်စင်ခန်းများ အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်

မုံရွာ  ၂၈  ဇူလိုင် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊မုံရွာ-မန္တလေးလမ်းတစ်လျှောက်နှင့် အထင်ကရနေရာများရှိ အများသုံး သန့် စင်ခန်းများကို အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင် သာယာရေးဝန်ကြီး ဦးမြင့်ကြည်၏ ပြောကြားချက်များအရ သိရသည်။

 

'' တိုင်းဒေသကြီးအတွင်းမှာ ခရီးသွားလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဖော်ဆောင်လုပ်ကိုင်နေတာဖြစ်တယ်၊ အဓိက လုပ်ဖြစ်တာက ခရီးသွားပြည်သူတွေဟာ သန့်စင်ခန်းကို မသုံးမဖြစ်သုံးကြရတယ်၊ ဒါကြောင့် ခေတ်စနစ်နဲ့ အညီ ဖြစ်တဲ့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နိုင်ငံတကာအဆင့်မီတဲ့ သန့်စင်ခန်းတွေစီစဉ်ပေးမှာ ဖြစ်ပါတယ်၊ မုံရွာမြို့နယ် အတွင်းကို သွားလာကြတဲ့ပြည်တွင်း/ပြည်ပ ခရီးသွားတွေ လမ်းခရီးမှာ သန့်စင်ခန်းတွေ အခမဲ့ အသုံးပြုနိုင်ဖို့ အတွက် မုံရွာ-မန္တလေးလမ်းတစ်လျောက်မှာရှိတဲ့ စက်သုံးဆီဆိုင်တွေ ၊အထင်ကရနေရာတွေဖြစ်တဲ့ ဗောဓိတ ထောင်သာသနာ့နယ်မြေနဲ့ မိုးညှင်းသံဗုဒ္ဓေဘုရားဝင်းအတွင်းမှာရှိတဲ့ အများသုံး သန့်စင်ခန်းတွေကို အဆင့်မြှင့် တင်မှုတွေလုပ်ဆောင်ပေးသွားမှာပါ''ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့် ကြည်က ပြောသည်။

 

မုံရွာမြို့အတွင်းရှိ အများသုံးသန့်စင်ခန်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအဖြစ် မုံရွာ-မန္တလေး လမ်းတစ် လျောက်မှာရှိတဲ့ စက်သုံးဆီဆိုင်များရှိ သန့်စင်ခန်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သက်ဆိုင် ရာစက်သုံး ဆီဆိုင်များနှင့်ညှိနှိုင်း၍လည်းကောင်း၊ အထင်ကရနေရာများဖြစ်သော ဗောဓိတထောင် သာသနာ့နယ်မြေနဲ့ မိုးညှင်း သံဗုဒ္ဓေဘုရားဝင်းအတွင်းရှိ အများသုံးသန့်စင်ခန်းများကို သက်ဆိုင်ရာ ဘုရားဂေါပကအဖွဲ့များနှင့်မြို့နယ် စည်ပင် သာယာရေးကော်မတီတို့ညှိနှိုင်းပြီး လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)