မုန့်ဆီကြော်အလယ်အက်နှင့် မန်းတောင်ရိပ်ခို

ညိုဝင်း(ချစ်မြေ)

မြန်မာအဘိဓာန်ဒုတိယအကြိမ်ပြင်ဆင်ဖြည့်စွက်ပုံနှိပ်ခြင်း ၂၀၀၈ ခုနှစ် သြဂုတ်လထုတ်၌ စာမျက်နှာ ၉၃ ဝယ် စနည်း(သို့)စနဲ(န)= ရှေ့ပြေးနိမိတ်အနေဖြင့် ကြားရသောအသံ၊ စာမျက်နှာ ၁၄၂ ဝယ် တဘောင်(န)=နိမိတ်စကား၊ စာမျက်နှာ ၄၀၆ ဝယ် အတိတ်နိမိတ်(န) = နောင်မည်သို့ဖြစ်မည်ကို ကြိုတင်ဖော်ပြသော နိမိတ်ဟူ၍ ဖတ်ရှုမိရာမှ ဤဆောင်းပါးကို ရေးဖြစ်ပါသည်။
ကုန်းဘောင်ခေတ် နေဝင်ခါနီး သီပေါမင်းအုပ်စိုးချိန်ရောက် မည့်ကာလဆဲဆဲတွင် အောက်ပါတဘောင် ပေါ်ထွန်းလာပေသည်ဟု ကြားနာမှတ်သားဖူး၏။

“တုန်းအောက်ကတီတွန်  လူလွန်မသား  မုန့်ဆီကြော်အလယ် အက်တယ် ပြည်ဖျက်မဲ့သား”

တုန်းအောက်က = သီပေါမင်းသည် ဖခမည်းတော်မင်းတုန်း မင်း အောက်ဆက်ခံမည့်ဘုရင်၊

တီတွန် = တီသည်  ၇၊  သီပေါမင်းသည် စနေသား၊

လူလွန်မသား = သီပေါမင်း၏မယ်တော်သည် သီလရှင်ဝတ်ပြီးမှ လူထွက်လာသူဖြစ်၏၊

မုန့်ဆီကြော်အလယ်အက်တယ် = မင်းတုန်းမင်း၊ သီပေါမင်းတို့ စိုးစံချိန်ဝယ် အောက်မြန်မာပြည်သည် အင်္ဂလိပ်အုပ်စိုးမှု ရောက်ရှိနေပြီ၊

ပြည်ဖျက်မဲ့သား = သီပေါမင်း

ရှေးကတဘောင်စကားများ  မည်မျှမှန်သည်ကို  စိစစ်ပိုင်းခြားပြခြင်းဖြစ်ပါသည်။

ကုန်းဘောင်ခေတ်နှောင်းပိုင်းဝယ်-

“အသက်ရှည်စေလို  ထန်းရည်ခါးနှင့်  ကြက်သားမျို၊  သေစေလို စိန်မစားနှင့် ဥပုသ်စောင့်သွား”  ဟူသော တဘောင်ပေါ်ခဲ့ပြန်သည်ဟု မှတ်သားဖူးပါ၏။

ဘုရားကြီးဆရာတော်က  တဘောင်အနက်ကို ဖွင့်ဆိုသည်မှာ  ထန်းရည်ဆိုတာ ဘုရားရှင်တားမြစ်သည့် သေရည်အရက်ဖြစ်၍ သုံးစွဲလျှင် သံသရာ၌ဆက်ကာဆက်ကာ ကျင်လည်ရမည်ဖြစ်၍ အသက်ရှည်မည်။ ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါးစသည့် သီလဥပုသ်များ မကျိုး မပေါက်မပျောက် မကြားအောင်ဆောက်တည်လျှင် ကောင်းမှု ကုသိုလ်ထုံမွမ်းကာ  နိဗ္ဗာန်ချမ်းသာရ၍  သံသရာမှ  ကျွတ်လွတ်မည် ဟူ၍သာ။

စာရေးသူနှင့် စာရှုသူအားလုံးလိုလို  သိကြသောစကားကား-“အသက်ကလေးရှည်စေလို မန်းတောင်ရိပ်ခို”ပင်။

ထိုအဓိပ္ပာယ်ကို ပရိသတ်များလျှောက်မေးသဖြင့် အဘိဓဇ မဟာရဋ္ဌဂုရု  မဲဘောင်ဆရာတော်ကြီး  ဘဒ္ဒန္တဣန္ဒြိယက  အောက်ပါ အတိုင်း မိန့်ကြားခဲ့၏-
“အသက်ရှည်ရှည်နေလိုရင် မန်းတောင်ရိပ်ခိုကြပါ” ဆိုတာ တကယ့်မန္တလေးတောင် သွားနေဖို့မဟုတ်ဘူး။ မန်းဆိုတဲ့ မ အက္ခရာက ကြာသပတေးနံ၊ ၅ ဂဏန်းဖြစ်တယ်၊  ငါးပါးသီလမြဲရမယ်။  တောင် ဆိုတဲ့ တ အက္ခရာက စနေနံ၊ ၇ ဂဏန်း၊ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ ဩတ္တပ္ပ ဆိုတဲ့ သူတော်ကောင်းတရား ခုနစ်ပါးနဲ့ပြည့်စုံဖို့။ ရိပ်ဆိုတဲ့ ရ အက္ခရာက ဗုဒ္ဓဟူးနံ၊ ၄ ဂဏန်း၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ပြည့်စုံဖို့။ ခိုဆိုတဲ့  ခ  အက္ခရာက  တနင်္လာနံ၊  ၂  ဂဏန်း၊  ဟီရိရယ်၊  ဩတ္တပ္ပရယ်ပါတဲ့ လောကပါလတရားနှစ်ပါးနဲ့ ပြည့်စုံရမယ်။ ဒါကြောင့် အသက်ရှည်ရှည် နေလိုသူတွေက ငါးပါးသီလမြဲကြ။ သူတော်ကောင်းဥစ္စာ ခုနစ်ဖြာနဲ့ ပြည့်ကြ။ ပြီးတော့  ဗြဟ္မစိုရ်တရား  လေးပါးရှိကြ။ နောက်ဆုံးက လောကပါလတရား နှစ်ပါးပြည့်စုံရင် အသက်ရှည်တာပါပဲ။

စာရေးသူတို့၏  ဗုဒ္ဓစာပေနယ်ပယ်၊ မြန်မာစာပေနယ်ပယ်တို့တွင် ရှေးပညာရှိတို့က  အချိန်တိုတိုဖြင့်  သိမှတ်ဖွယ်ရာမှတ်သားနိုင်ရေး အတွက် ယခုဆောင်းပါးပါ အရေးအဖွဲ့များကို များစွာရေးဖွဲ့ခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ ဆိုလိုရင်းအကျယ်ဖွင့်ကို နားရှင်းရှင်း သဘောပေါက်မှသာ ရှေးပညာရှိတို့၏ မြင့်မြတ်သောပညာတန်ဖိုးကို မိမိတို့အားလုံး၏ အကျိုးစီးပွားအဖြစ် ဆောင်ကြဉ်းနိုင်မည်ဟု စာရေး သူယုံကြည်ပါသည်။ 

မြန်မာ့စာပေအဆီအနှစ်ကို  ဖော်ထုတ်ခြင်းဖြင့်  မြန်မာတို့၏ ဇာတိပုညဂုဏ်မာနကို တလူလူလွှင့်ထူနိုင်မည်ဟုလည်း ထင်မိပါသည်။ ဤဆောင်းပါးပါ သုတများသည် စာရှုသူတို့၏ဘဝ တစ်ထောင့် တစ်နေရာဝယ် အကျိုးပြုမည်ဟုလည်းမျှော်လင့်မိပါသည်။ မျှော်လင့် သည့်အတိုင်းလည်း  ဖြစ်လာပါစေဟုဆန္ဒပြုရင်း  ဤဆောင်းပါးကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါပေသတည်း။ ။